အိပ်ရာမဝင်ခင်ရေသောက်ခြင်းက ခန္ဓာကိုယ်အလေးချိန်ကျစေနိုင်သလား

in ကျန်းမာရေးအကြံပြုချက် August 24, 2018

ရေသောက်ခြင်းက ရေငတ်ပြေစေနိုင်သလို၊ သင့်ကျန်းမာရေးအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးရုံမက သင့်ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးမှတစ်ဆင့်စွန့်ထုတ်ပေးပါတယ်။ ရေကိုမှန်ကန်တဲ့အချိန်မှာ သောက်သုံးပေးမယ်ဆိုရင် သင့်အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာမို့လို့ သင့်ခန္ဓာကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။ ဒါပေမယ့် ညအိပ်ရာဝင်ခါနီးအချိန်ကတော့ ရေကိုလောဘတကြီး မသောက်သုံးသင့်ပါဘူး။

ရေနှင့် ခန္ဓာကိုယ်အလေးချိန် လျော့ချမှု

ရေက သင့်ကိုယ်အလေးချိန်ကျအောင် ပြုလုပ်ပေးနိုင်တဲ့ ထူးကဲတဲ့ဂုဏ်သတ္တိမရှိပေမယ့် သင့်အစားစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး သင့်အစာအိမ်အတွက် ကောင်းမွန်ပါတယ်။ အစားမစားခင် ရေနှစ်ခွက်သောက်သုံးပေးတဲ့သူတွေက အစားမစားခင် ရေလုံးဝမသောက်သူတွေထက် ကိုယ်အလေးချိန်သိသိသာသာကျတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။

အိပ်ရာမဝင်ခင် ရေသောက်ခြင်း

ရေသောက်ခြင်းဖြင့် ကယ်လိုရီပမာဏကို ထိန်းချုပ်နိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ရေကိုပုံမှန်လုံလောက်စွာသောက်သုံးပေးခြင်းက ကယ်လိုရီများတဲ့အစားအစာတွေ၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေကို မစားသုံးမိအောင်ကူညီပေးပါတယ်။ သင် ညအိပ်ရာဝင်ခါနီးမှာ ရေခဲမုန့်၊ ကွတ်ကီးစတဲ့ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားချင်စိတ်ဖြစ်ပေါ်လာပြီဆိုရင် ရေတစ်ခွက်သောက်ပေးလိုက်ပါ။ သင့်အစားစားချင်စိတ်ပျောက်သွားပါလိမ့်မယ်။ ပြီးရင် သင်အိပ်ရာဝင်နိုင်ပါပြီ။

လူတစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်း မတူတာဖြစ်တဲ့အတွက် တချို့လူတွေကျတော့ အိပ်ခါနီးရေသောက်ရင် ကိုယ်အလေးချိန်ကျနိုင်ပေမယ့် တချို့ကျတော့ ကိုယ်အလေးချိန်ပိုတောင်တက်နိုင်ပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုရင် အိပ်ရာမဝင်ခင် ရေအများကြီးသောက်သုံးလိုက်လို့ ဆီးမကြာခဏသွားချင်လာပါတယ်။ ဒါကသင့်ကိုအိပ်ရေးပျက်စေမှာပါ။ အိပ်ရေးပျက်တာများလာပြီဆိုရင် သင့်ကျန်းမာရေးလည်း ထိခိုက်နိုင်သလို၊ သင့်ကို ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ညအိပ်ရာဝင်ခါနီးမှ ရေအများကြီးမသောက်ဘဲ တစ်နေ့တာလုံး အချိန်မှန်မှန်နဲ့ ရေသောက်သင့်ပါတယ်။

ကိုယ်အလေးချိန်ကျအောင် ရေဘယ်လိုသောက်မလဲ

အရည်ရွှမ်းတဲ့အသီးအရွက်တွေကိုလည်း အစားစားတိုင်းမှာ စားပေးရပါမယ်။ ဖရဲသီး၊ ခရမ်းချဉ်သီးစတဲ့အသီးတွေမှာဆိုရင် ရေဓာတ်ပါဝင်မှုနှုန်းက (၈၅) ရာခိုင်နှုန်းကနေ (၉၅) ရာခိုင်နှုန်းအထိပါဝင်တာမို့လို့ အရည်ရွှမ်းတဲ့အသီးလေးတွေကို ရွေးချယ်စားသုံးရပါမယ်။ အစားမစားခင် ရေနှစ်ခွက်သောက်ပေးမယ်၊ စားနေရင်းနဲ့လည်း ရေနည်းနည်းချင်းစီသောက်ပေးမယ်၊ တစ်နေ့တာလုံးလည်း ရေများများသောက်ပေးမယ်ဆိုရင် မိမိခန္ဓာကိုယ်အလေးချိန်မကျမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

    Cart