အားကစားသမားများနှင့် ရေသောက်ခြင်း

in ကျန်းမာရေးအကြံပြုချက် August 22, 2018

သင်က ကျွမ်းကျင်အားကစားသမားတစ်ယောက်ပဲဖြစ်ဖြစ်၊ အပန်းပြေရုံသပ်သပ်ဆော့တဲ့ အပျော်တမ်းအားကစားသမားပဲဖြစ်ဖြစ် ရေဓာတ်လုံလောက်စွာရရှိဖို့က လိုအပ်ပါတယ်။ အားကစားမလုပ်ခင်အချိန်၊ လုပ်နေစဉ်နဲ့ အားကစားလုပ်ပြီးတဲ့အချိန်တွေမှာ ကောင်းမွန်တဲ့ ရေဓာတ်ရရှိဖို့လိုအပ်ပါတယ်။ အဲ့ဒါမှလည်း သင့်စွမ်းအင်ပမာဏကိုတိုးမြှင့်ပေးဖို့အတွက် လုံလောက်တဲ့အာဟာရဓာတ်ကို ရေက သယ်ယူပို့ဆောင်ပေးပြီး ကျန်းမာနေစေမှာပါ။ အကယ်၍သင်က ရေဓာတ်ခမ်းခြောက်နေရင် သင့်ခန္ခာကိုယ်က ဘာမှလုပ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။

အားကစားလုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့နောက်မှာ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်မဖြည့်ပေးဘူးဆိုရင် ခန္ခာကိုယ်က ပင်ပန်းနွမ်းနယ်နေမယ်။ ကြွက်တက်မယ်။ မူးဝေပြီးတော့ အခြားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ရေဓာတ်လုံလောက်စွာ ရှိရဲ့လားဆိုတာ ဘယ်လိုစစ်မလဲ

သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်ရဲ့လားဆိုတာကို သင့်ဆီးကို စစ်ကြည့်ပါ။ သင်ဆီးသွားတဲ့အခါမှာ ဆီးအရောင်က အရောင်မရှိဘူး၊ ဒါမှမဟုတ် အဝါရောင်အဖျော့ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ သင့်ဆီးအရောင်က အဝါရောင်ရင့်ရင့်၊ ဒါမှမဟုတ် ပယင်းရောင်ဖြစ်နေရင်တော့ သင်ရေဓာတ်ခမ်းခြောက်နေပါတယ်။

အားကစားလုပ်နေချိန် ရေပမာဏဘယ်လောက်သောက်ရမလဲ

လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်းမတူတဲ့အတွက်ကြောင့် အားကစားလုပ်နေချိန် ရေဘယ်လောက်သောက်ရမလဲဆိုတာကိုတော့ ပုံသေတွက်လို့မရပါဘူး။ သင်ချွေးထွက်ထားတဲ့ပမာဏ၊ သင့်ပတ်ဝန်းကျင်က အပူချိန်နဲ့ ခြောက်သွေ့မှုအခြေအနေနဲ့ သင်အားကစားကို ဘယ်လောက်ထိအချိန်ကြာကြာ ပြင်းပြင်းထန်ထန် လုပ်ထားသလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။

စွမ်းအားဖြည့်အချိုရည်တွေသောက်သုံးသင့်သလား

စွမ်းအားဖြည့်အချိုရည်ထဲမှာ ကယ်လိုရီ၊ ပိုတက်ဆီယမ်နဲ့ အခြားသောအာဟာရဓာတ်တွေက ပါဝင်တဲ့အတွက်ကြောင့် အချိန်ကြာကြာလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ သင့်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်ပြီး လုပ်ဆောင်နိုင်စွမ်းတွေ မြင့်လာမှာပါ။ ဒါပေမယ့်လည်း စွမ်းအားဖြည့်အချိုရည်တွေကို မှန်ကန်စွာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ တချို့အချိုရည်တွေက သကြားဓာတ်ပါဝင်မှုလွန်ကဲပြီး ကယ်လိုရီပမာဏကလည်း မြင့်မားနေတတ်ပါတယ်။ ဒါ့ကြောင့်ရေဓာတ်ပြန်ဖြည့်ဖို့အတွက် ရေသောက်သုံးခြင်းကသာ အသင့်တော်ဆုံးပါ။

    Cart