ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနဲ့ အားကစားသမားပြုလုပ်သူများအတွက် ရေသောက်ခြင်းအနုပညာ

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ခန္ဓာကိုယ်လှပချင်လို့ Gym ဆော့တဲ့အားကစားသမားများနဲ့ ပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်မယ့် ကျွမ်းကျင်အဆင့်အားကစားသမားများအတွက် ဘာကအရေးအကြီးဆုံးလဲ။

ရေဓာတ်ပြည့်ဝနေခြင်းက အားကစားစွမ်းဆောင်ရည်မြင့်မားဖို့အတွက် အားကစားသမားများအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ခန္ဓာကိုယ်က အပူကိုကောင်းစွာမကူးပြောင်းပေးနိုင်တော့ဘဲ၊ နှလုံးခုန်နှုန်းမြန်လာပြီး မောပန်းနွမ်းနယ်ကာ အားကစားဆက်လက်မလုပ်ဆောင်နိုင်ပဲ နေပါလိမ့်မယ်။

အထူးသဖြင့်ပူအိုက်တဲ့ရာသီဥတုမှာ ပိုအန္တရာယ်ရှိပြီး အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။ အားကစားသမားများအနေနဲ့ ဘာကိုသောက်သုံးသင့်သလဲ၊ ဘယ်အချိန်မှာသောက်သုံးသင့်သလဲဆိုတာ အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ အခုဖော်ပြမေးမယ့် အကြောင်းအရာကို ဆက်လက်ဖတ်ရှုကြရအောင်နော်။

လေ့ကျင့်ခန်းမပြုလုပ်ခင်

အားကစားလေ့ကျင့်ခန်းမပြုလုပ်ခင် မိနစ်သုံးဆယ်ခန့်ကြိုတင်ပြီး ရေဓာတ်ဖြည့်ပေးသင့်ပါတယ်။ အားကစားမပြုလုပ်ခင် မိနစ် ၆၀၊ မိနစ် ၉၀ ခန့်မှာ ရေများများသောက်ပေးခြင်းက ပိုကောင်းပါတယ်။ မိနစ်သုံးဆယ်ခန့် ရေကြိုသောက်ထားမယ်ဆို ၄ အောင်စကနေ ၆ အောင်စအထိသောက်သုံးသင့်ပြီး၊ တစ်နာရီခန့် ကြိုသောက်ထားပါက အနည်းဆုံး ၁၆ အောင်စခန့်သောက်သုံးသင့်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်နေစဉ်

လေ့ကျင့်ခန်းပြုလုပ်နေစဉ် ရေဓာတ်လုံလောက်စွာမရရှိပါက ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ရေဓာတ်ခမ်းခြောက်ပါကလည်း ဗိုက်အောင့်နိုင်ပြီး ရေဓာတ်များပါကလည်း ဗိုက်အောင့်စေနိုင်တာကြောင့် ရေသောက်ခြင်းကို ကန့်သတ်ထားသင့်ပါတယ်။

လေ့ကျင့်ခန်းတစ်ခုပြီးတိုင်း ငါးမိနစ်ခြားတစ်ခါ ရေကိုလောဘတကြီးမသောက်ဘဲ အာစွတ်ရုံသာရေသောက်ပေးပါ။ ဒါပေမယ့် သင်ကအပြေးလေ့ကျင့်ခန်းတစ်ခုတည်းပဲလုပ်မယ်ဆိုရင်တော့ မိနစ် ၂၀၊ မိနစ် ၃၀ မှာ ရေ ၄ အောင်စကနေ ၆အောင်စအထိ သောက်သုံးပေးခြင်းက ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပြီး

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါမှာ ရေဓာတ်ပြန်ဖြည့်ပေးခြင်းကလည်း အရေးကြီးပါတယ်။ သင့်ဆီးအရောင်ကို စစ်ကြည့်ပါ။ အရောင်ရင့်နေပါက သင့်မှာရေဓာတ်လုံလောက်စွာ မရှိတဲ့အတွက်ကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ အကယ်၍သင်က ရေသောက်ရတာငြီးငွေ့လာပြီဆိုရင်တော့ ရေထဲကို သံပုရာသီးစိပ်၊ လိမ္မော်သီးစိပ်၊ စတော်ဘယ်ရီ ဖြစ်ဖြစ် သင်ကြိုက်နှစ်သက်ရာ သစ်သီးတစ်မျိုးထည့်ပေးခြင်းဖြင့် ရေများများနဲ့ ဖြည်းဖြည်းမှန်မှန်သောက်ပေးပါ။

    Cart