ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျောရိုးဆစ်များနာကျင်ကိုက်ခဲတယ်ဆိုတာကို သင်သိပါသလား

in ကျန်းမာရေးအကြံပြုချက် August 31, 2018

ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများနဲ့ ဆဲလ်များအတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကျောရိုးဆစ်လေးအတွက်ရော ရေကအကြီးတယ်ဆိုတာကို သင်သိပါသလား။ ရေဓာတ်လုံလောက်စွာ မရရှိပါကကျောရိုးအောင့်ခြင်း၊ ကျောရိုးနာခြင်းဝေဒနာ ခံစားရနိုင်ပါတယ်။ ကျောရိုးဆစ်နှစ်ခုကြားမှာ ချပ်ပြားတစ်ခုစီ ပါရှိပြီး ချပ်ပြားတစ်ခုစီမှာ အပြင်ပိုင်းနဲ့ အတွင်းပိုင်းနှစ်မျိုးခွဲထားပါတယ်။ ချပ်ပြား အပြင်ဘက်မှာ ဂျယ်လီကဲ့သို့ အရာဝတ္ထုနဲ့ ပြည့်နေပြီး ချပ်ပြားအတွင်းပိုင်းကတော့ ရေနဲ့အဓိကဖွဲ့စည်းထားတာပါ။

ညဘက်အိပ်စက်အနားယူနေတဲ့အချိန်မှာ ချပ်ပြားတွေက ရေဓာတ်ပြန်ဖြည့်နေရပါတယ်။ တစ်နေ့တာလုံး လှုပ်ရှားနေရတဲ့အတွက် နေ့ဘက်မှာတော့ ရေဓာတ်ကုန်ဆုံးပြီး ညဘက်မှာသာ ရေဓာတ်ပြန်ဖြည့်ရခြင်းကြောင့် ပုံမှန်အရပ်ထက် ညဘက်အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အရပ်အမြင့် လက်မအနည်းငယ်ခန့်ကျုံဝင်သွားတာပါ။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာရှိနေသရွေ့ နေ့ဘက်မှာရော ညဘက်မှာပါ ချပ်ပြားလေးများက သူတို့ဘာသာရေဓာတ်ပြန်ပြည့်အောင် လုပ်ဆောင်ကြပါတယ်။ သင့်ကိုယ်အလေးချိန်ကို ချပ်ပြားအပြင်ပိုင်းက ၂၅ ရာခိုင်နှုန်း တာဝန်ယူထားရပြီး ချပ်ပြားအတွင်းပိုင်းက ၇၅ ရာခိုင်နှုန်း တာဝန်အသီးသီးယူထားရတာပါ။ ရေဓာတ်လုံလောက်စွာမရရှိတော့ရင် ချပ်ပြားအပြင်ပိုင်းနဲ့ အတွင်းပိုင်းက အပေးအယူမျှအောင် လုပ်ဆောင်ကြရပါတော့တယ်။ အတွင်းပိုင်းမှာ ရေဓာတ်လုံလောက်စွာမရှိတော့တဲ့အခါ ချပ်ပြားအပြင်ပိုင်းက သူ့ခံနိုင်အားထက် ပိုတာဝန်ယူရပါတော့တယ်။ ဒါ့ကြောင့် ကျောနာခြင်းနဲ့ ရောင်ရမ်းခြင်းဝေဒနာကို ခံစားရပါတော့တယ်။

ကျောနာခြင်းကို အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ကုသနည်းကတော့ သန့်စင်တဲ့ရေကို များများသောက်ပေးခြင်းပါပဲ။ ပေါ့ပေါ့ပါးပါးရှိတဲ့ လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းမပြုလုပ်ခင်၊ ပြုလုပ်နေစဉ်နဲ့ ပြုလုပ်ပြီးပါကလည်း ရေသောက်ပေးပါ။ ရေဆာတဲ့အထိ ရေမသောက်ဘဲနေခြင်းက ခန္ဓာကိုယ်မှာ ရေဓာတ်အများအပြားဆုံးရှုံးနေခြင်းရဲ့ လက္ခဏာပါပဲ။

ရေဘယ်လောက်သောက်သင့်သလဲ

 

ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် လည်း တစ်ယောက်ချင်းစီကိုလိုက်ပြီး လိုအပ်တဲ့ရေဓာတ်က ပြောင်းလဲသွားပါလိမ့်မယ်။ ဥပမာအနေနဲ့ အားကစားသမားတစ်ယောက်က အားကစားပြုလုပ်တဲ့အတွက်ကြောင့် ရေဓာတ်ကုန်ဆုံးပြီး အားကစားမလုပ်တဲ့သူတွေထက်စာရင် ရေပိုသောက်ရပါတယ်။ အချိုရည်တို့ ကော်ဖီတို့က ရေနဲ့ဖျော်ထားတာမို့လို့ ရေဓာတ်ဖြည့်ပေးလိမ့်မယ်လို့တော့ မထင်ပါနဲ့။ အဲ့ဒီဖျော်ရည်တွေမှာ အချိုဓာတ်လွန်ကဲစွာပါဝင်ပြီး ကာဖိန်းဓာတ်တွေက သင့်ကို ရေဓာတ်ခမ်းခြောက်အောင်ပြုလုပ်ပါလိမ့်မယ်။

ကျောရိုးဆစ်တွေ မနာကျင် မကိုက်ခဲအောင် ရေများများသောက်ပြီး ကြိုတင်ကာကွယ်နိုင်သလို ရောဂါဝေဒနာခံစားရပါကလည်း ရေများများသောက်ပြီး သက်သာအောင်ပြုလုပ်ပေးပါ။ အညောင်းပြေ အညာပြေ ခါးဆန့်ပေးခြင်း၊ အကျောဆန့်ပေးခြင်းတွေကလည်း ကျောရိုးချပ်ပြားကို ရေဓာတ်ပြန်ပြည့်အောင်ပြုလုပ်ပေးပြီး ကောင်းစွာအလုပ်လုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ဒါ့ကြောင့် ကျောရိုးဆစ်နာကျင်ကိုက်ခဲမယ့် အချိန်အထိစောင့်မနေဘဲ ရေမှန်မှန်သောက်ကြရအောင်နော်။

    Cart