ဆီးချိုရောဂါနှင့် ရေအကြောင်း

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 31, 2018

ရေမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒြိုက် မပါဝင်တာကြောင့် ဆီးချိုသမားများအတွက် သောက်သုံးဖို့အသင့်တော်ဆုံးပါပဲ။ လေ့လာချက်အရ ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ သကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။

သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်ခြင်း

ဆီးချိုရောဂါခံစားနေရသူများက သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ ခန္ဓာကိုယ်က ရေများများလိုအပ်ပါတယ်။ ရေများများသောက်ပေးမှ သွေးထဲပိုလျှံနေတဲ့သကြားဓာတ်ကို ဆီးမှတစ်ဆင့်စွန့်ထုတ်ပေးအောင် ကျောက်ကပ်ကလုပ်ဆောင်ပေးပါလိမ့်မယ်။

ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆီးချိုရောဂါ

သွေးထဲမှာ သကြားဓာတ်မြင့်မားခြင်းက ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။ ခန္ဓာကိုယ်က ပိုလျှံနေတဲ့ သကြားဓာတ်ကို ဆီးမှတစ်ဆင့် ဖယ်ရှားဖို့ကြိုးစားနေတဲ့အခါ ရေသောက်ပြီး ရေဓာတ်ဖြည့်ပေးခြင်းဖြင့် တစ်ဖက်တစ်လှမ်းက ကူညီပေးပါ။ အဲ့လိုမှမဟုတ်ရင် လိုအပ်တဲ့ရေဓာတ်ကို တံတွေးနဲ့ မျက်ရည်တွေကနေ အစားယူရပါလိမ့်မယ်။ ရေဓာတ်လုံလောက်စွာမရဘူးဆိုရင် သကြားဓာတ်ကဆီးကနေ တစ်ဆင့်မထွက်သွားနိုင်ဘဲ ခန္ဓာကိုယ်ထဲမှာပဲ ပိတ်လှောင်နေပြီး ရေဓာတ်ခမ်းခြောက်ခြင်းသံသရာက လွတ်မြောက်မှာ မဟုတ်တော့ပါဘူး။

တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ

အမျိုးသမီးများအနေနဲ့ တစ်နေ့ကို ရေ ၁.၆ လီတာလောက် ( ၂၀၀ မီလီလီတာ ဖန်ခွက် ၈ ခွက်)  သောက်သုံးသင့်ပြီး အမျိုးသားများကတော့ တစ်နေ့ကို ၂ လီတာ ( ၂၀၀ မီလီလီတာ ဖန်ခွက် ၁၀ ခွက်) ခန့် သောက်သုံးသင့်ပါတယ်။ ဖျော်ရည်များ၊ ဆိုဒါအချိုရည်များက ရေဓာတ်ပြန်ဖြည့်ပေးတဲ့အရာတွေ မဟုတ်တဲ့အပြင် ကော်ဖီထဲမှာ ကာဖိန်းဓာတ်ပါဝင်တဲ့အတွက် ရေဓာတ်အလွယ်တကူ ခမ်းခြောက်စေပါတယ်။ ဒါ့ကြောင့် အဲ့ဒီဖျော်ရည်တွေက သကြားဓာတ်ကို မြင့်စေတဲ့အတွက်ကြောင့် ဆီးချိုသမားများအနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။

ဆီးချိုသမားများအတွက် အကောင်းဆုံးသောက်သုံးနိုင်တဲ့အရာများနှင့်ရှောင်ကြဉ်သင့်သည်များ

ရေမဆာတဲ့အချိန်မှာလည်း ရေပုံမှန်သောက်သုံးပေးပါ။ တဟ်နေ့လုံး ရေ ၂ လီတာ လောက် သောက်ရမယ်ဆိုပြီး မိမိကိုယ်ကို ဖိအားမပေးပဲ ပုံမှန်လေးရေသောက်ပေးတဲ့ အလေ့အကျင့်ပြုလုပ်ပေးမယ်ဆို စိတ်ဖိစီးမှုလည်း ကင်းဝေစေပြီး မိမိရောဂါကိုလည်း သက်သာစေမှာပါ။ ရေအပြင် အဆီထုတ်ထားတဲ့ နွားနို့၊ သကြားလုံးဝမထည့်ထားတဲ့ အသီးဖျော်ရည်များကိုလည်း သောက်သုံးနိုင်ပါတယ်။ အားဖြည့်အချိုရည်များ၊ အချိုဓာတ်လွန်ကဲတဲ့ အသီးဖျော်ရည်များ၊ ကိုယ်အလေးချိန်ကျစေတဲ့ ဖျော်ရည်များ၊ အရက်သေစာသောက်သုံးခြင်းတို့ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

    Cart