ရေမငတ်တဲ့အချိန်မှာတောင် ဘာ့ကြောင့်ရေသောက်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ရေသောက်ခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အနေနဲ့ ပျမ်းမျှအားဖြင့်တစ်နေ့ကို ရေ (၁၄) ခွက် သောက်သုံးသင့်ပြီး အမျိုးသမီးတစ်ယောက်ကတော့ တစ်နေ့ကို (၁၂) ခွက်သောက်သုံးသင့်ပါတယ်။ ရေမဆာတဲ့အချိန်မှာတောင် ရေကိုပုံမှန်သောက်သုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကို ဖော်ပြပေးချင်ပါတယ်။

ကြွက်သားတွေအတွက်အားဖြည့်ပေးတယ်

ခန္ဓာကိုယ်ထဲမှာ ပါရှိတဲ့ Electrolytes လို့ခေါ်တဲ့ လျှပ်လိုက်ပျော်ရည်ပါဝင်မှုနှုန်း မျှတနေဖို့ရန်အတွက် ကြွက်သားဆဲလ်လေးတွေက ရေလိုအပ်ပါတယ်။ ရေဓာတ်လုံလောက်စွာမရရှိရင် ဆဲလ်လေးတွေသေးငယ်ပြီး ကျုံ့သွားပြီးတော့ ကြွက်သားတွေရဲ့စွမ်းဆောင်နိုင်စွမ်းကို လျော့ကျသွားစေပါတယ်။

အသားအရေကြည်လင်တောက်ပစေတယ်

သင့်ခန္ဓာကိုယ်ကရေဓာတ်ခမ်းခြောက်နေရင် သွေးလှည့်ပတ်နှုန်းကနှေးသွားပြီးတော့ အရေပြားက လုံလောက်တဲ့အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို မရရှိတော့ပါဘူး။ အသားအရေ အမြဲတမ်းစိုပြေဝင်းလက်နေစေဖို့ ရေသောက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့သစ်သီးဝလံစားသုံးခြင်း၊ ထမင်းစားတဲ့အခါမှာစွပ်ပြုတ်သောက်ပေးခြင်း၊ တစ်နေ့ကို အနည်းဆုံးရေ (၈) ခွက်သောက်ပေးခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါ။

ကျောက်ကပ်ကျန်းမာရေးအတွက်ကောင်းမွန်တယ်

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာမရရှိရင် အဆိပ်အတောက်နဲ့အညစ်အကြေးကိုမဖယ်ရှားပေးနိုင်တော့ဘဲ ကျောက်ကပ်ကျန်းမားရေးအတွက် ထိခိုက်နိုင်ပါတယ်။

သင့်ကို အမြဲတမ်းငယ်ရွယ်နုပျိုနေစေတယ်

ရေဓာတ်ခမ်းခြောက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေက အားနည်းလာပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကလည်း ခြောက်သွေ့ကြမ်းတမ်းပြီးတော့ ယားယံမှုကိုဖြစ်ပေါ်စေမယ်။ အရေပြားတွေရှုံ့တွပျက်စီးလာပါလိမ့်မယ်။ အချိန်မှီ ပြုပြင်ထိန်းသိမ်းမှုမရှိဘူးဆိုရင် သင့်ကိုအရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် သင့်ကိုအမြဲတမ်းငယ်ရွနုပျိုစေဖို့အတွက် ရေမဆာခင်ကတတည်းက ရေပုံမှန်သောက်ပေးသင့်ပါတယ်။

အာရုံစိုက်နိုင်စွမ်းမြင့်မားလာမယ်

စာမေးပွဲခန်းထဲသို့ ရေဘူးယူသွားပြီး ရေဓာတ်အမြဲတမ်းဖြည့်တဲ့ကျောင်းသားတွေက ရလဒ်ကောင်းတွေရရှိတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာစမ်းသပ်ချက်အရသိရပါတယ်။ ရေသောက်ခြင်းကြောင့်စိတ်လှုပ်ရှားမှုကိုလျော့ချပေးပြီး အာရုံစိုက်နိုင်စွမ်းတွေတိုးလာအောင်ပြုလုပ်ပေးပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်

ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ရေငတ်မယ်၊ တချို့လူတွေကလည်း ရေငတ်တာကို ဗိုက်ဆာတယ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့်မလိုအပ်ပဲ အစားစားတဲ့အခါ ကိုယ်အလေးချိန်တက်စေပါတယ်။ ဒါ့ကြောင့် ရေဆာမှ ရေသောက်တာမျိုးမလုပ်ဘဲ ပုံမှန်ရေများများသောက်ပေးမယ်ဆိုရင် အစားစားချင်စိတ်ကိုဟန့်တားပေးပြီး ကိုယ်အလေးချိန်မတက်အောင် ထိန်းညှိပေးပါတယ်။

ခံတွင်းနံ့ မနံအောင်ပြုလုပ်ပေးတယ်

တံတွေးထဲမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါရှိပါတယ်။ သင့်မှာရေဓာတ်လုံလောက်စွာမရှိရင် တံတွေးကောင်းစွာမထွက်တော့ဘဲ သင့်ပါးစပ်ထဲမှာဘက်တီးရီးယားတွေခိုအောင်းနေပြီးတော့ ခံတွင်းနံ့ကိုဆိုးဝါးစေပါတယ်။ ရေများများသောက်ပေးခြင်းဖြင့် ခံတွင်းနံ့ကိုကောင်းမွန်အောင်ပြုလုပ်ပေးပါ။

    Cart