ကိုယ်ဝန်ဆောင်မိခင်များနှင့် ရေသောက်သုံးခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မိမိကျန်းမာရေးအတွက်သာမက မိမိကလေးကျန်းမာရေးအတွက်ပါ ဂရုစိုက်ရပါတယ်။ သာမန်အမျိုးသမီးများထက် အစားအသောက် အနေအထိုင် ပိုဆင်ခြင်ရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အနေနဲ့ တစ်နေ့တာလုံးရေဓာတ်ပြည့်နေဖို့က ခါတိုင်းထက်ပိုအရေးကြီးပါတယ်။

ခန္ဓာကိုယ်ထဲမှ အင်္ဂါအစိတ်အပိုင်းများ၊ ဆဲလ်နဲ့ တစ်သျှူးများဆီသို့ အာဟာရနဲ့ အောက်ဆီဂျင်များကို ရေကသယ်ယူပို့ဆောင်ပေးရတဲ့အတွက်ကြောင့် ရေဓာတ်ပြည့်ဝနေမှသာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ပို့ဆောင်ပေးဖို့အတွက် ရေဓာတ်ပြည့်ဝနေရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲနာကျင်မှုတွေကို သက်သာစေဖို့ ရေကကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းနဲ့ ခေါင်းမူးခြင်း ဝေဒနာကို ရေသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်းကြောင့် မနက်ခင်းမှာ မူးဝေအော့အန်ခြင်း၊ အစာမကြေဖြစ်ခြင်းတွေကို ရေသောက်ခြင်းက သက်သာစေတယ်လို့ အချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များက တစ်နေ့ကို အနည်းဆုံးရေ ၁၀ ခွက်သောက်သုံးပေးရမယ်လို့ အမေရိကန်ဆရာဝန်များအသင်းက အကြံပြုထားပါတယ်။ အကယ်၍ အားစိုက်ထုတ်စရာမလိုတဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်များအနေနဲ့လည်း လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေတစ်ခွက်ပိုသောက်ပေးရပါမယ်။

အကယ်၍ ရေသောက်ဖို့ အမြဲတမ်း မေ့တတ်တယ်ဆိုရင်တော့ သွားလေရာတိုင်းကို ရေဘူးအမြဲဆောင်ထားမယ် ရေဘူးကို သင့်မျက်စိရှေ့မှာ ထား ထားမယ် ဆိုရင်တော့ ရေသောက်ဖို့ မေ့မှာမဟုတ်တော့ပါဘူး။

ရေဓာတ်ဖြည့်ဖို့အတွက် ရေသောက်ခြင်းက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ရေပဲ မသောက်ချင်ဘူး၊ တခြားအရာပြောင်းသောက်ချင်တယ်ဆိုရင်တော့ နွားနို့သောက်ခြင်းကလည်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ကောင်းမွန်ပါတယ်။ ဒါမှမဟုတ် သဘာဝသစ်သီးစိမ်ထားတဲ့ရေကို သောက်သုံးပေးလို့လည်း ရပါတယ်။ ဒါပေမဲ့ သစ်သီးဖျော်ရည်ထဲကို သကြားထည့်ခြင်းကို ရှောင်ကြဉ်ပေးပါ။ ကာဖိန်းဓာတ်မပါတဲ့ လက်ဖက်ရည်ကြမ်းလည်း သောက်သုံးနိုင်ပါတယ်။ ကာဖိန်းဓာတ်ပါတဲ့အရည်တွေက ဆီးရွှင်စေပြီး  ရေဓာတ်ခမ်းခြောက်အောင်လုပ်တဲ့အတွက် ကာဖိန်းဓာတ်ပါတဲ့အရည်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်အားလုံးထဲမှ ၂၀ ရာခိုင်နှုန်းခန့်က အစားအစာထဲမှ ရရှိပါတယ်။ အရည်ရွှမ်းတဲ့သစ်သီးလေးတွေ စားသုံးပေးဖို့လည်း မမေ့ပါနဲ့။ ဖရဲသီနဲ့ သခွားမွှေးဖျော်ရည်တစ်ခွက်မှာ ရေဓာတ် ငါးအောင်စခန့်ပါဝင်ပါတယ်။ စတော်ဘယ်ရီနဲ့ သစ်တော်သီးတစ်ခွက်မှာ လေးအောင်စခွဲပါဝင်ပြီးတော့ လိမ္မော်သီးတစ်လုံးမှာ ရေ ၄ အောင်စခန့်ပါဝင်ပါတယ်။ ကြက်စွပ်ပြုတ်မှာ ရေ ၆ အောင်စခန့်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာနေစေဖို့ အာဟာရရှိအောင်စားသောက်ပြီး ရေဓာတ်ပြည့်ဝစွာ နေထိုင်ကြပါနော်။

    Cart