အသက်အရွယ်ကြီးရင့်သော ဘိုးဘိုးဘွားဘွားများ ရေဓာတ်မခမ်းခြောက်အောင် ဘယ်လိုနေထိုင်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 27, 2018

ရေသောက်ခြင်းက ကလေးလေးကအစ၊ လူငယ်လူရွယ် အလယ်၊ အသက်အရွယ်ရပြီးဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအထိပါ အရေးကြီးပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိဘတွေက စောင့်ရှောက်ကြရတာတောင်မှ ရေသောက်ဖို့ မနည်းတိုက်တွန်းနေရတာပါ။ ဘိုးဘိုးဘွားဘွားတွေကိုကျပြန်တော့ တစ်ခါတစ်ရံမှာ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဘိုးဘိုးဘွားဘွားတွေက အသက်အရွယ်အရ အားနည်းနေကြတာမို့လို့ မိသားစုဝင်တွေကပဲဖြစ်ဖြစ် သူတို့ကိုပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။

ဘိုးဘိုးဘွားဘွားတွေက ရေဆာတယ်လို့မပြောတာနဲ့ပဲ၊ လူငယ်တွေလို တက်တက်ကြွကြွမရှိတာနဲ့ပဲ ရေဓာတ်မခမ်းခြောက်ဘူးလို့ မထင်ပါနဲ့။ ကျန်းမာသန်စွမ်းတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးပေးဖို့လိုအပ်ပါတယ်။ အပူလှိုင်းဖြတ်တဲ့နေ့မျိုး၊ အပူလွန်ကဲတဲ့နေ့မျိုးမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။ ရေများများသောက်ဖို့တွန့်ဆုတ်မနေသင့်ပါဘူး။

ဘိုးဘိုးဘွားဘွားတွေက ရေတိုက်ရတာ ခက်ခဲတယ်ဆိုရင် ရေနွေးကြမ်း၊ စွပ်ပြုတ်၊ သဘာဝသစ်သီးစိမ်ရေ စသည်ဖြင့် သူတို့ကြိုက်နှစ်သက်တတ်တာမျိုးကို အစားထိုးသောက်သုံးပါစေ။ အရေးကြီးဆုံးကတော့ ရေလုံလုံလောက်လောက်သောက်ဖို့ပါပဲ။ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတွေကိုလည်း အစားထိုးပြီး စားသုံးခိုင်ပါ။ ဒိန်ချဉ်မှာလည်း ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် လူကြီးတွေ ကြိုက်နှစ်သက်ပါလိမ့်မယ်။

မျိုချရတာခက်ခဲတဲ့ မာတဲ့အစားအစာများကို မပြုလုပ်ပေးဘဲနဲ့ ပျော့တဲ့အစားအစာများသာ စားသုံးပါစေ။ အရမ်းပူအိုက်တဲ့နေ့မျိုးမှာလည်း လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်လေးတွေ ဖွင့်ထားခြင်း၊ လိုက်ကာများချထားခြင်းတို့ ပြုလုပ်ပေးပါ။ မနက်စောစောနဲ့ ညနေစောင်းအချိန်မှာ သူတို့နဲ့အတူတူလမ်းလျှောက်ထွက်ပေးပါ။ ပါးလျတဲ့အင်္ကျီ၊ အရောင့်ဖျော့တဲ့အင်္ကျီတွေပဲ ဝတ်ဆင်ခိုင်းပါ။ ရေများများသောက်ဖို့ သတိပေးပါ။

အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်ပြီး ပြုလုပ်ပေးပေမယ့်လည်း နှုတ်ခမ်းခြောက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အရောင်ရင်ရင့်ဆီးသွားခြင်းတို့ဖြစ်ပေါ်ပါက ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မျိုးမှာ နားနားနေနေ နေခိုင်းပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါ။ အကယ်၍ ပိုဆိုးတဲ့လက္ခဏာတွေဖြစ်တဲ့ ချွေးမထွက်ခြင်း၊ ဆီးမသွားခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အဖျားရှိခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်ကို အမြန်ဆုံးပင့်ပြီး ကုသမှုခံယူခိုင်းပါ။

ဘိုးဘိုးဘွားဘွားတွေကို အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့ အနာရောဂါကင်းဝေးစေချင်တယ်ဆိုရင်တော့ အခြခံလိုက်နာသင့်တဲ့အရေးကြီးဆုံးအချက်ကတော့ ရေဓာတ်လုံလောက်စွာဖြည့်တင်းပေးဖို့ ဂရုစိုက်ပေးပါ။

    Cart