အဆိုတော်တွေ အဆိုဝါသနာရှင်လေးတွေ ကြည်လင်ပြတ်သားတဲ့အသံလေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အထွေထွေဗဟုသုတ August 27, 2018

သင်ကအဆိုတော်တစ်ယောက်၊ အဆိုဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အသံက လူတွေနဲ့ပြောဆိုဆက်ဆံဖို့အတွက် ကူညီပေးတဲ့ကြားခံနယ်တစ်ခုဆိုတာထက် ပိုပါတယ်။ သင့်အသံက သင့်ဘဝ၊ သင့်အတွက်တူရိယာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုတော်တွေ၊ အဆိုပြိုင်ပွဲဝင်သူ အဆိုဝါသနာရှင်လေးတွေက အသံမပျက်စီးအောင်၊ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် အစားအသောက်အနေအထိုင် အမြဲဆင်ခြင်နေရပါတယ်။

ကောင်းမွန်တဲ့အသံကို အမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့အတွက် ကူညီပေးတာကတော့ ရေပဲဖြစ်ပါတယ်။ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက်၊ အမောအပန်းခံနိုင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ရေဓာတ် လိုအပ်ပါတယ်။ အသံသိပ္ပံပညာရှင် ဒေါက်တာ Ronald C. Scherer ရဲ့ ပြောကြားချက်အရ လူတစ်ယောက်က အထူးသဖြင့် အဆိုတော်တွေ၊ အဆိုဝါသနာရှင်တွေက သူတို့အသံအိုးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ရန်အတွက် တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးပေးရပါတယ်။

ရေလုံလောက်စွာ မသောက်ရင် ဘာတွေဖြစ်နိုင်သလဲ

အသံထွက်ဖို့အတွက် အသံအိုးနဲ့အသံကြိုးကို ဖိအားပေးရပါတယ်။ သီချင်းဆိုခြင်းက အသံအိုးကို လိုတာထက်ပိုပြီးဖိအားပေးရပါတယ်။ မကြာမကြာ ဖိအားပေးခံရတဲ့အခါ အသံကြိုးနာလာပြီး ကောင်းစွာမသီဆိုနိုင်ဖြစ်လာပါလိမ့်မယ်။ ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်းဖြင့် အသံအိုးနဲ့ အသံကြိုးကြားထဲ ကာကွယ်မှုပေးတဲ့အကျိအချွဲလေးတွေ ထုတ်လုပ်ပေးပြီး ထိခိုက်ဒဏ်ရာမှလည်း ကာကွယ်ပေးပါတယ်။

ဆောင်ရန် ရှောင်ရန်တွေက

သီချင်းအကောင်းဆုံးဆိုချင်တယ်၊ အသံမနာဖို့အတွက်၊ အနိမ့်သံရော အမြင့်သံရောဆိုနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးကတော့ တစ်နေ့ကို ရေ ၈ ခွက်သောက်သုံးခြင်းပါပဲ။ ရေသောက်တဲ့အခါမှာလည်း အရမ်းပူလွန်း အရမ်းအေးလွန်းတဲ့ရေသောက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အရမ်းပူလွန်းအေးလွန်းတဲ့ရေတွေက သဘာဝအကျိအချွဲလေးတွေ ထုတ်လုပ်ပေးခြင်းနဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ပေးပါတယ်။ ဒါ့ကြောင့် အခန်းအပူချိန်နဲ့ညီမျှတဲ့ ရေကိုသာသောက်သုံးသင့်ပါတယ်။

ရေသောက်ခြင်းနဲ့ ကြည်လင်ပြတ်သားတဲ့ အသံလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

    Cart