သက်ကြီးရွယ်အိုများနှင့် ရေဓာတ်ခမ်းခြောက်ခြင်းပြဿနာ

in ကျန်းမာရေးအကြံပြုချက်, ရေဓာတ်ခမ်းခြောက်ခြင်း September 19, 2019

ကျန်းမာတဲ့လူသားတစ်ဦးက တစ်နေ့ကို ရေ ၃၀ အောင်စမှ ၅၀ အောင်စအထိ လိုအပ်ပါတယ်။ ရေသောက်သုံးခြင်းက သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မယ့် နည်းလမ်းတစ်ရပ်ဆိုလည်းမမှားပါဘူး။ ရေဓာတ်ပြည့်ဝမှ ဦးနှောက်၊ နှလုံးနဲ့ ကြွက်သားတွေအပြင် အခြားသော အင်္ဂါအစိတ်အပိုင်းတွေက ကောင်းစွာအလုပ်လုပ်နိုင်မှာပါ။

သင့်ခန္ဓာကိုယ်ထဲကဆဲလ်များ လုံလောက်တဲ့အာဟာရဓာတ်ရရှိဖို့ရန်အတွက် ရေက သယ်ယူပို့ဆောင်ပေးပြီး ဆီးအိမ်မှာ ဘက်တီးရီးယားများကို ဖယ်ရှားပေးကာ ဝမ်းချုပ်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။

သက်ကြီးရွယ်အိုအဘိုးအဘွားအများစုကတော့ လုံလောက်တဲ့ရေဓာတ်ကို ကောင်းစွာမရရှိတဲ့အတွက်ကြောင့် ရေဓာတ်ခမ်းခြောက်မှုဝေဒနာကို ခံစားနေကြရပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမှာဆို ပိုမိုဆိုးရွားပါတယ်။ ကျောက်ကပ်အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်သလို Harvard ဆေးတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ Julian Seifter ရဲ့ ပြောကြားချက်အရ သက်ကြီးရွယ်အိုတွေက ရေဓာတ်ခမ်းခြောက်နေပေမယ့်လည်း ရေဆာတဲ့ခံစားချက်ကို မခံစားရကြပါဘူး။

ဒါဟာ ဘာ့ကြောင့်လဲဆိုရင် သူတို့ငယ်ရွယ်စဉ်တုန်းကလိုမျိုး ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများက ချက်ချင်းတုန့်ပြန်နိုင်စွမ်းမရှိတော့လို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် သူတို့က ကျန်းမာရေးပြဿနာတစ်မျိုးမျိုးခံစားနေရလို့ ဆေးဝါးများမှီဝဲသောက်သုံးနေရရင် ပိုဆိုးပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ အားနည်းခြင်း၊ သွေးပေါင်ကျခြင်း၊ မူးဝေခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်ဆီးသွားခြင်းတို့ပဲဖြစ်ပါတယ်။ ထိုလက္ခဏာရပ်များ သက်ကြီးရွယ်အိုအဘိုးအဘွားများထံတွင် တွေ့မြင်ရပါက မိသားစုဝင်များက အထူးဂရုပြုပေးသင့်ပါတယ်။ ထိုရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများကို ဖျောက်ဖျက်ပစ်ဖို့အတွက် တစ်နေ့ကို ရေ ၃၀ အောင်စမှ ၅၀ အောင်စ ( ၁ လီတာမှ ၁ လီတာခွဲ) သောက်သုံးသင့်ကြောင်း ဒေါက်တာ Seifter က ထပ်မံပြောကြားထားပါတယ်။

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်းကကျဆင်းသွားတာကြောင့် ရေဓာတ်ပြည့်ဝစွာနေထိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝဖို့အတွက် ရေချည်းပဲသောက်သုံးစရာမလိုပါဘူး။ အရည်ရွမ်းတဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းရွက်သုပ်များကိုလည်း အစားထိုး စားသုံးပေးနိုင်ပါတယ်။

သိုင်းရွိုက်ရောဂါ၊ အသည်း၊ ကျောက်ကပ်နဲ့နှလုံးနဲ့ပတ်သက်တဲ့ရောဂါများ ခံစားနေရပါက ရေကို ပုံမှန်ထက်ပိုမိုသောက်သုံးသင့်ပါတယ်။ ထိုရောဂါများခံစားနေရတဲ့သက်ကြီးရွယ်အိုများအဖို့ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာများပါ ထပ်မံခံစားနေရပါက ဆရာဝန်များထံ အလျင်အမြန်သွားရောက်ကာ ကုသမှုခံယူသင့်ပါတယ်။ ဒါမှလည်း တစ်နေ့တာအတွက် မိမိခန္ဓာကိုယ်က လိုအပ်တဲ့ရေပမာဏကို သိရှိကာ ရေဓာတ်ပြည့်ဝပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။

    Cart