ရေသောက်ခြင်းက စိတ်ဖိစီးမှုကို ဘယ်လိုလျော့ချပေးလဲ

in ကျန်းမာရေးအကြံပြုချက်, စိတ်ဖိစီးမှု, လူနေမှုဘဝ August 25, 2018

ယနေ့ခေတ်လူနေမှုဘဝမှာ လူသားတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ စိတ်ဖိစီးကြရပါတယ်။ တချို့ကလည်း စိတ်ဖိစီးမှုပြေပျောက်အောင်လို့ ဆေးဝါးမှီဝဲကြတယ်။ ကာယလေ့ကျင့်ခန်းပြုလုပ်ကြတယ်၊ Yoga လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက်ဖြေဖျောက်ကြတယ်။ အဲ့ဒီအရာတွေထက် စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ အာဟာရဓာတ် ညီညွှတ်မျှတနေမှသာလျှင် ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး စိတ်ဖိစီးမှုကင်းဝေးမှာပါ။ လူသားတွေအသက်ရှင်နေထိုင်ဖို့ရန်အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကရေဓာတ်ခမ်းခြောက်တဲ့အခါမှာ ကော်တီဆုန်းလို့ခေါ်တဲ့ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းထွက်ပါတယ်။ အဲ့ဒီဟော်မုန်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မယ်၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတာလား၊ စိတ်ဖိစီးမှုက ရေဓာတ်ကိုခမ်းခြောက်သွားစေတာလားဆိုတာကိုတော့ ဆုံးဖြတ်ရခက်ပါတယ်။ ဒါ့ကြောင့် ဒီသံသရာစက်ကွင်းထဲက လွတ်မြောက်ဖို့ဆိုရင်တော့ ရေများများသောက်ပြီး ရေဓာတ်ပြန်ဖြည့်ပေးခြင်းကသာ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက်ကတော့ ရေသောက်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက်ကြောင့် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်ကျင့်သုံးကြည့်ပါ။

စိတ်ဖိစီးမှုကို ဆွဲဆန့်လိုက်ပါ

တိတ်ဆိတ်ငြိမ်းအေးတဲ့နေရာမှာ Yoga လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ အကြောပြေပြီး ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းသွားမယ့်အပြင် စိတ်အပန်းပြေအောင်လည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက်မှာလည်း ရေကို မမေ့မလျော့သောက်သုံးပေးပါ။

စိတ်ဖိစီးမှုကို စားသုံးပါ

စိတ်ဖိစီးမှုကို ပြေပျောက်စေတဲ့ အစားအသောက်များစွာရှိပါတယ်။ ချောကလက်မဲကို စားသုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ကော်တီဆုန်းဟော်မုန်းကို လျော့ချပေးပါတယ်။ စိတ်ဖိစီးခြင်းက သင့်ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်နိုင်ပါတယ်။ ဘလူးဘယ်ရီသီးစားသုံးပေးမယ်ဆိုရင် အသီးထဲမှာပါတဲ့ ဗီတာမင်စီက ပျက်စီးသွားတဲ့ဆဲလ်တွေကို အသစ်ပြန်လည်ပြုပြင်ပေးပါတယ်။ ချောကလက်မဲတို့၊ ဘလူးဘယ်ရီသီးတို့လို ချိုတဲ့အရာစားပြီးတဲ့ နောက်မှာတော့ ရေသောက်ပလုတ်ကျင်းပေးဖို့ မမေ့ပါနဲ့နော်။ ဒါမှသွားပိုးစားခြင်းကို ကာကွယ်နိုင်မှာပါ။

စိတ်ဖိစီးမှုနဲ့ ဝေးရာကို ပြေးထွက်ပါ

စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ အကောင်းဆုံးကာယလေ့ကျင့်ခန်းကတော့ ပြေးခြင်းပါပဲ။ သင်အပြေးလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က Endorphins လို့ခေါ်တဲ့ ခံစားမှုကောင်းစေတဲ့ ဟော်မုန်းကိုထုတ်လွှတ်ပေးပြီး အာရုံကြောမှတစ်ဆင့် ဦးနှောက်ကို သတင်းပို့ပေးပါတယ်။ ဒါ့ကြောင့်ပြေးခြင်းက သင့်ကိုစိတ်ဖိစီးမှုကနေလွှတ်မြောက်စေပြီး ခံစားချက်ကောင်းတွေရရှိစေမှာ အမှန်ပါပဲ။

    Cart