ကလေးများ၏ကျန်းမာရေးနှင့် ရေ၏အရေးကြီးသောအခန်းကဏ္ဍ

in ကျန်းမာရေးအကြံပြုချက်, ရင်သွေးငယ်များ, လူနေမှုဘဝ August 25, 2018

သင့်ကလေးက ရေဓာတ်လုံလောက်စွာ ရရှိပါသလား။ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းတဲ့ ကလေးလေးတစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးဆုံးက ရေဓာတ်လုံလောက်စွာ ရရှိဖို့ပဲဖြစ်ပါတယ်။ ကလေးလေးတွေ ကစားပြီးချွေးထွက်တဲ့အခါမှာ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ရေတိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

အရောင်စုံလှပနေတဲ့ အချိုရည်ဘူးလေးတွေက ဈေးဆိုင်တွေ၊ စူပါမားကတ်နေရာစုံမှာ ရရှိနေပြီး ကလေးတွေကို ဆွဲဆောင်နေပါတယ်။ ရောင်စုံအချိုရည်ဘူးလေးတွေကြောင့် ကလေးတွေကို ရေတိုက်ရတာခက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးကို ကျင့်သုံးကြည့်ပါနော်။

သွားလေရာနေရာတိုင်းကို ရေဘူးဆောင်သွားပါ

သင့်ကလေးကျောင်းတက်တဲ့ရက်တွေမှာ နေ့လည့်စာထမင်းဘူးထည့်ပေးရင် ရေဘူးလေးပါ တစ်ပါတည်းထည့်ပေးဖို့မမေ့ပါနဲ့။ သူ့ရဲ့ရေဘူးကို သူကြိုက်နှစ်သက်တဲ့ ကာတွန်းရုပ်လေးတွေပါတဲ့ ရေဘူးမျိုးဝယ်ပေးပါ။ ဒါမှလည်း ရေသောက်ဖို့မမေ့မှာပါ။ သင့်ကလေးက ရေမသောက်ချင်ဘူးလို့ ကျီကျရင် ရေထဲကို သံပုရာသီးအစိတ်လေး၊ လိမ္မော်သီးစိတ်လေးဖြစ်ဖြစ်၊ စတော်ဘယ်ရီသီးစိတ်လေးဖြစ်ဖြစ် သူကြိုက်နှစ်သက်တဲ့ အသီးအနှံတစ်မျိုးမျိုးထည့်ပေးပါ။

ကလေးသဘာဝ အသစ်အဆန်းလေးတွေကို သဘောကျတဲ့အတွက်ကြောင့် အဲ့ဒီလိုပြုလုပ်ပေးခြင်းက သူ့ကိုရေသောက်ချင်လာအောင် ဆွဲဆောင်ပေးပါလိမ့်မယ်။ သင့်အိမ် ရေခဲသေတ္တာထဲက ရေပုလင်းလေးတွေကိုလည်း အဲ့ဒီလိုပြုလုပ်ပေးမယ်ဆိုရင် ရေအရသာကောင်းမွန်သွားတဲ့အတွက်ကြောင့် ကလေးလေးတွေ ရေသောက်ဖို့မေ့မှာ မဟုတ်တော့ပါဘူး။

ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာတွေကို သတိပြုပါ

ပူပြင်းခြောက်သွေ့သောနေ့၊ ဒါမှမဟုတ် သူငယ်ချင်းများနဲ့ အားရပါးရဆော့ကစားပြီးတဲ့အချိန်မျိုးမှာ ရေများများတိုက်ပေးခြင်းက သင့်ကလေးရဲ့ခန္ဓာကိုယ်ကို ကောင်းစွာအလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။ ရေဓာတ်ခမ်းခြောက်ပါက ကလေးများခေါင်းကိုက်ပါလိမ့်မယ်။ ကလေးများရဲ့ အာရုံစိုက်နိုင်စွမ်းမရှိခြင်း၊ ကလေးတွေရဲ့စိတ်က ဘာကိုမှဘဝင်မကျဘဲ ဂျီကျနေခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်နေခြင်းတို့က ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပါ။

လိုအပ်သောရေပမာဏ

အသက် (၅) နှစ်ကနေ (၈) နှစ်အထိ ကလေးငယ်များက တစ်နေ့ကို အနည်းဆုံး ရေငါးခွက်၊ (သို့မဟုတ်) ရေတစ်လီတာ သောက်သုံးဖို့ လိုအပ်ပါတယ်။

    Cart