တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝနေစေဖို့ ဘယ်လိုနေထိုင်ကြမလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် (၆၀) ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားပါတယ်။ ချွေးထွက်ခြင်း၊ အသက်ရှူသွင်း၊ ရှူထုတ်ခြင်း၊ အပေါ့အလေးသွားခြင်းတို့ကြောင့် တစ်နေ့ကို ရေဓာတ် ၂ လီတာခွဲဆုံးရှုံးပါတယ်။ ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ဖို့ တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးပေးရပါမယ်။ ရေ ၂ လီတာခွဲဆုံးရှုံးသွားတာကို ဘာ့ကြောင့် တစ်လီတာခွဲပဲ ပြန်ဖြည့်ပေးရမှာလဲဆိုတာ မေးစရာရှိပါတယ်။

တစ်နေ့တာလုံးမှာ စားသုံးလိုက်တဲ့အစာတွေထဲက ရေဓာတ် (၀.၇) လီတာရရှိပြီးတော့ သင့်ခန္ဓာကိုယ်ထဲမှလည်း ရေဓာတ် (၀.၃) လီတာရရှိပါတယ်။ ဒါ့ကြောင့်မို့ ကျန်ရှိတဲ့ ရေဓာတ် (၁.၅) လီတာကိုသာ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ဒါဟာ ရေ (၈) ခွက်ပမာဏနဲ့ ညီမျှပါတယ်။

ရေ (၈) ခွက်သောက်ရမယ့် တာဝန်ကို ဘယ်လိုပြီးမြောက်အောင် ဆောင်ရွက်မလဲ

သင်က မနက်ခင်း (၈) နာရီမှာ အိပ်ရာထတယ်ဆိုပါစို့၊ အိပ်ရာထတာနဲ့ ရေတစ်ခွက်သောက်ပေးပါ။ အစာမရှိသေးတဲ့အစာအိမ်အတွက် ရေသောက်ပေးခြင်းက ကောင်းမွန်တဲ့ရေဓာတ်ဖြည့်နည်းတစ်မျိုးပါပဲ။ သင့်ခန္ဓာကိုယ်ကို တစ်နေ့တာလုံးကောင်းစွာအလုပ်လုပ်နိုင်ဖို့ လှုပ်နိုးလိုက်သလိုပါပဲ။ မနက်စာကိုကောင်းမွန်စွာစားသုံးနိုင်ဖို့လည်း ကူညီပေးပါတယ်။

အစားမစားခင်စပ်ကြားမှာလည်း ရေသောက်ပေးပါ။ ရေသောက်ထားတဲ့အတွက်ကြောင့် အစားအများကြီးစားခြင်းကိုလည်း ကာကွယ်ပေးပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ဗိုက်ပြည့်သွားစေပါတယ်။

နေ့ခင်း တစ်နာရီမှာ နေ့လည်စာစားမယ်ဆိုရင် ရေနှစ်ခွက်သောက်ပေးပါ။ ရေသောက်ခြင်းက သင့်အစာခြေစနစ်ကို မထိခိုက်စေနိုင်ပါဘူး။ ညနေစောင်း (၄) နာရီလောက်မှာ သင်ရေငတ်လာပါလိမ့်မယ်၊ ခန္ဓာကိုယ်ရဲ့ အချက်ပေးစနစ်ကို နားထောင်ပြီး ရေသောက်ပေးပါ။ အကောင်းဆုံးနည်းလမ်းလေးကတော့ ရေဘူးတစ်လုံးကို ကိုယ်နဲ့မကွာဆောင်ထားပါ။ ညစာစားမယ့် အချိန်ရောက်လာလို့ သင်ရေသောက်ရတာငြီးငွေ့လာပြီဆိုရင် ရေထဲကို သံပုရာသီးစိတ်လေးထည့်ပေးလိုက်ပါ။ ဒီလိုဆိုရင်တော့ သင့်တစ်နေ့တာရေသောက်ခြင်းတာဝန်က အောင်မြင်စွာပြီးမြောက်သွားပါလိမ့်မယ်။

အကောင်းဆုံးနည်းလမ်းလေးတွေရှိပါသေးတယ်

ရေငတ်တဲ့အချိန်အထိမစောင့်ပဲနဲ့ ရေသောက်ခြင်းကအကောင်းဆုံးပါပဲ။ သင့်အလုပ်စားပွဲ၊ စာကြည့်စားပွဲပေါ်မှာ ရေဘူးနဲ့ရေခွက်ထားထားပါ။ အပြင်သွားတဲ့အချိန်တွေမှာလည်း သင့်အိတ်ထဲမှာ ရေဘူးပါပါစေ။ ဒီနည်းလမ်းလေးတွေက သင့်ကိုရေသောက်ဖို့ အမြဲတမ်းသတိပေးနေမှာဖြစ်ပြီး သင်ရေဆာနေတဲ့အချိန်မှာလည်း အလွယ်တကူသောက်သုံးနိုင်မှာဖြစ်ပါတယ်။

    Cart