သင်သိထားသင့်သော အရသာအရှိဆုံးသစ်သီးရေအကြောင်း ဆောင်ရန် ရှောင်ရန်များ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 27, 2018

သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် ရိုးရိုးရေမသောက်ချင်သူများအတွက် အသစ်အဆန်းလေးဖြစ်သွားအောင် သစ်သီးရေလည်းပြောင်းသောက်ကြည့်ရအောင်။ သစ်သီးစိမ်ထားတဲ့ရေကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးပါတယ်။ ပထမဆုံးကောင်းကျိုးကတော့ ရေများများသောက်ခြင်းကြောင့် သင့်ကိုတစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေမှာပါ။ အစာချေစနစ်ကိုကူညီပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။

ဒါ့အပြင် သစ်သီးစိမ်ထားတဲ့ရေမှာ သစ်သီးရဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေ ပါရှိပြီးသားဖြစ်တဲ့အတွက် အသားအရေကို နဂိုထက်စိုပြေဝင်းမွတ်စေမှာ အမှန်ပါပဲ။

သစ်သီးရေကို မသောက်သုံးခင်မှာ ဘယ်နှစ်နာရီလောက်စိမ်ထားသင့်သလဲ

သင်ကြိုက်နှစ်သက်တဲ့ သစ်သီးတွေကို လှီးဖြတ်ပြီး ရေကရားထဲထည့်ပြီးနောက်မှာ တစ်နာရီကနေ နှစ်နာရီအထိ စိမ်ထားသင့်ပါတယ်။ အကယ်၍သစ်သီးရေကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ သုံးနာရီကနေ လေးနာရီအထိ ထားပြီး သောက်သုံးနိုင်ပါပြီ။

သစ်သီးရေက ဘယ်နှရက်ခံလဲ

သစ်သီးရေကို ပြုလုပ်တဲ့နေ့မှာပဲ ကုန်အောင်သောက်သုံးခြင်းက အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ သုံးရက်ကြာခံပါတယ်။ ရေခဲသေတ္တာထဲထည့်ဖို့မေ့သွားတယ်ဆိုရင်တော့ သင်အိမ်ရာမဝင်ခင်မှာ ကုန်အောင်သောက်သင့်ပါတယ်။ အချိန်အကြာကြီး သိမ်းဆည်းထားခြင်းက အာနိသင်ပြယ်သွားနိုင်တဲ့အတွက် မကောင်းပါဘူး။

သစ်သီးကို ဘယ်လောက်ကြာကြာအသုံးပြုသင့်သလဲ

လူတော်တော်များများကတော့ သစ်သီးကို တစ်ခါစိမ်ပြီးတာနဲ့ လွှင့်ပစ်တတ်ကြပါတယ်။ ဖြုန်းတီးရာကျပါတယ်။ သစ်သီးကို ခဏခဏပြန်သုံးခြင်းကလည်း အရသာပြယ်သွားပါတယ်။ ဖြုန်းတီးရာလည်းမကျအောင် အရသာလည်းမပြယ်သွားအောင်လို့ ရေကရားထဲမှာ ရေတစ်ဝက်လောက်ကျန်နေတဲ့အချိန်မှာ ရေထပ်ဖြည့်ပေးပါ။ ဒီလိုဆိုရင်တော့ ရေကရားထဲမှာ ရှိပြီးသားရေနဲ့ ထပ်ဖြည့်လိုက်တဲ့ရေချင်း ရောသွားပြီးတော့ အရသာတစ်ထပ်တည်း ကျသွားပါလိမ့်မယ်။

ရေအေးသုံးသင့်လား၊ ရေနွေးသုံးသင့်လား

ရေအေးသုံးခြင်းက အကောင်းဆုံးပါပဲ။ ရေနွေးသုံးခြင်းက အသီးထဲကကျန်းမာရေးအတွက်ကောင်းကျိုးပေးတဲ့အရာတွေကို ဖယ်ရှားလိုက်ပြီး အသီးကို ပျော့စိစိဖြစ်သွားစေပါတယ်။

ဘယ်လိုသစ်သီးမျိုးကို ရွေးချယ်သင့်သလဲ

သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးကို ရွေးချယ်ပါ။ အနာအဆာရှိတဲ့သစ်သီးကို မသုံးပါနဲ့၊ ဒါမှမဟုတ် အနာအဆာရှိတဲ့နေရာကို လှီးထုတ်ပစ်ပါ။ သစ်သီးတွေကို ရေထဲစိမ်ဖို့အတွက် လှီးဖြတ်မယ်ဆိုရင်လည်း ပိုပြီးပါးပါးလှီးလေ ရေက မြန်မြန်စုပ်ယူနိုင်လေဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်ရာ သန့်ရှင်းလတ်ဆတ်သောသစ်သီးများကို တွဲဖက်စိမ်ထားပြီးတော့ ရေများများသောက်ခြင်းအလေ့အကျင့်ကို မွေးမြူလိုက်ပါ။

    Cart