ရေဓာတ်လွန်ကဲခြင်းကြောင့် ခံစားရမည့် ကျန်းမာရေးနောက်ဆက်တွဲရောဂါများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 27, 2018

သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ရေဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်။ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အရိုးအဆစ်တွေ လွယ်ကူစွာလှုပ်ရှားပေးနိုင်ဖို့အတွက် ကူညီပေးပါတယ်။

နေမကောင်းဖြစ်လို့ ရေဓာတ်ခမ်းခြောက်တဲ့အခါ၊ အားကစားပြုလုပ်ချိန်ကြာသွားလို့ ရေဓာတ်ဆုံးရှုံးသွားတဲ့အခါ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ကပြန်လည်လန်းဆန်းတက်ကြွလာပါတယ်။ ဒါပေမယ့် ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါသေးတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း

သင့်ခန္ဓာကိုယ်က ချွေးထွက်ခြင်းမှတစ်ဆင့် ဆီသွားခြင်းမှတစ်ဆင့် ရေဓာတ်များဆုံးရှုံးသွားပါတယ်။ တစ်ခါတစ်ရံမှာ နေမကောင်းဖြစ်လို့ အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ပူပြင်းခြောက်သွေ့တဲ့နေ့မှာ အားကစားအလွန်အကျွံပြုလုပ်ခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေဓာတ်ဆုံးရှုံးပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရေငတ်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်းများခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့လက္ခဏာတွေကတော့ နှလုံးခုန်မြန်ခြင်းနဲ့ တခါတရံမှာ သတိလစ်မေ့မျောခြင်းတို့ ခံစားရနိုင်ပါတယ်။

တန်ဆေးလွန်ဘေး

ရေဓာတ်ပြန်လည်ဖြည့်တင်းတဲ့အခါမှာလည်း ရေအလွန်အကျွံမသောက်သုံးမိဖို့ အရေးကြီးပါတယ်။ ရေဓာတ်အရမ်းများသွားရင် Hyponatremia လို့ခေါ်တဲ့ သွေးထဲမှာ ဆိုဒီယမ်ပမာဏ လျော့နည်းသွားခြင်းဖြစ်ပေါ်လာပါလိမ့်မယ်။ သွေးထဲမှာ ဆိုဒီယမ်ဓာတ်ကိုပြန်လည်ထိန်းညှိဖို့အတွက် ဆဲလ်တွေရဲ့လုပ်ဆောင်မှုတွေက နှောင့်ယှက်ခြင်းခံရပြီး ဆဲလ်လေးတွေ ရောင်ရမ်းဖောင်းပွလာပါတယ်။ ဦးနှောက်ဆဲလ်လေးတွေဟာလည်း ဖောင်းပွလာပါလိမ့်မယ်။  Hyponatremia ရောဂါရဲ့ လက္ခဏာတွေကတော့ တက်ခြင်း၊ သတိလစ်ခြင်း၊ ပင်ပန်းမောဟိုက်ခြင်း၊ အစားစားချင်စိတ်ကုန်ခမ်းခြင်းနဲ့ တခါတရံမှာ အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် သောက်သုံးမယ်

ရေကို အလွန်အကျွံလည်း မသောက်သုံးသင့်သလို၊ သုံး လေးနာရီလောက်နေမှ တစ်ခါသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားများအနေနဲ့ တစ်နေ့ကို ရေ ၁၃ ခွက်သောက်သုံးသင့်ပြီး၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး တစ်နေ့ကိုရေ ၉ ခွက် သောက်သုံးသင့်ပါတယ်။ အားကစားပြုလုပ်လို့ ရေငတ်ရင်လည်း တစ်ကြိမ်တည်းနဲ့ အများကြီးသောက်မယ့်အစား တစ်ငုံချင်းနည်းနည်းစီ သောက်သုံပေးခြင်းက ပိုသင့်လျော်ပါတယ်။

    Cart