သောက်သုံးစရာအများကြီးထဲမှာမှ ရေကို ဘာကြောင့်ရွေးချယ်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက် August 22, 2018

တစ်နေ့တာလုံး ကျန်းမာစွာနေထိုင်ဖို့ရန်အတွက် ရေပမာဏအမြောက်အမြားကို သောက်သုံးပေးရန်လိုအပ်ပါတယ်။ ရေငတ်ပြေဖို့ရန်အတွက် ကိုယ်နှစ်သက်ရာကို သောက်သုံးနိုင်ပေမယ့်၊ ရေငတ်နေတဲ့အချိန်မှာ ရေသောက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရေပမာဏများများသောက်သုံးပေးခြင်းက သင့်ကို ကျန်းမာပြီး လန်းဆန်းတက်ကြွအောင် ကူညီပေးပါလိမ့်မယ်။

လူ့ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံက ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ ဆုံးရှုံးသွားတဲ့ ရေပမာဏကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ခန္ဓာကိုယ်မှာ အမြဲတမ်းရေဓာတ်ရှိနေဖို့အတွက် ရေသောက်ပေးသင့်ပါတယ်။ ရေနည်းနည်းပဲသောက်မယ်ဆိုရင် ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာမရရှိလို့ စိတ်ရောလူရော အလွယ်တကူပင်ပန်းနွယ်နယ်စေနိုင်ပါတယ်။

ဘာ့ကြောင့် ရေကိုပဲ ရွေးချယ်သောက်သုံးသင့်တာလဲ

ဓာတုဆေးဝါးပါဝင်တဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေက အာဟာရဓာတ်ပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် Kilojoules ပါဝင်မှုများတဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးဖို့ရန် အရမ်းခက်ခဲပါတယ်။ သကြားနဲ့အက်ဆစ်ဓာတ်ပါဝင်မှုကလည်း များတဲ့အတွက်ကြောင့် သွားပိုးစားခြင်းကို လက်ယပ်ခေါ်နေသလိုပါပဲ။ ပြီးရင် ဈေးကလည်းမနည်းမနောပေးဝယ်ရတာပါ။ ဒါ့ကြောင့် သွားပိုးစားမှာ မပူရသလို၊ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးဖို့အတွက် ရေသောက်သုံးခြင်းကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။

မမေ့မလျော့အောင် ရေဘယ်လိုသောက်ကြမလဲ

တစ်ခါတစ်လေမှာ အလုပ်အရမ်းများရင် အလုပ်ထဲကိုပဲ အာရုံရောက်သွားပြီး ရေသောက်ဖို့မေ့သွားတတ်ပါတယ်။ အဲ့ဒီအခါ သင့်အလုပ်စားပွဲပေါ်မှာ အဆင်သင့်ယူသောက်လို့ရအောင် ရေပုလင်းလေးချထားလိုက်ပါ။

အပြင်ရောက်နေတဲ့အချိန်မှာလည်း ရေငတ်လာပေမယ့် ရေကိုတကူးတကဝယ်မသောက်ဖြစ်တော့ဘဲ မေ့မေ့လျော့လျော့နေလိုက်ကြပါတယ်။ ဒီပြဿနာကိုဖြေရှင်းပေးမယ့် နည်းလမ်းလေးကတော့ ရေဘူးလေးတစ်လုံးကို ကိုယ်နဲ့မကွာသွားလေရာဆောင်ထားဖို့ပါပဲ။

စားသောက်ဆိုင်မှာ နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ်ထွက်စားရင်လည်း ရေအရင်ချခိုင်းပါ။

ရေသောက်ရတာ ငြီးငွေ့လာရင် ရေထဲကို ဖရဲသီးစိပ်လေးထည့်မယ်။ စတော်ဘယ်ရီသီးလေးထည့်ပြီးသောက်မယ်။ သံပုရာသီး ဒါမှမဟုတ် သံပုယိုသီးလေးညစ်ထည့်ပေးမယ်ဆိုရင် အရသာရှိတဲ့ရေကို သုံးဆောင်နိုင်မှာပါ။

    Cart