ရေတစ်ခွက်ပြီးတစ်ခွက်သောက်ချင်အောင် ဆွဲဆောင်မယ့် ရေသောက်ခြင်းရဲ့ ကောင်းကျိုး (၄) ချက်

in ကျန်းမာရေးအကြံပြုချက် August 22, 2018

လူသားတိုင်းအသက်ရှင်နေထိုင်မှုအတွက် ရေကမရှိမဖြစ်လိုအပ်သလို ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ ရေသောက်ခြင်းက စွမ်းအင်ပမာဏကိုမြှင့်တင်ပေးပြီး၊ အာရုံစိုက်မှုမြင့်မားအောင်၊ ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။ ကျန်းမာပျော်ရွှင်တဲ့နေထိုင်မှုဘဝကို လိုချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးဖို့လိုပါတယ်။

အခုဖော်ပြပေးမယ့် ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို ဖတ်ပြီးနောက်မှာ သင်ရေတစ်ခွက်ပြီး တစ်ခွက် သောက်ချင်သွားပါလိမ့်မယ်။

၁။ ရေသောက်ခြင်းက သင့်ကို ထက်မြက်စေတယ်

ရေဓာတ်ကုန်ခမ်းခြင်းကြောင့် သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ ရေတစ်ခွက်သောက်ပေးမယ်ဆိုရင် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ၁၄ ရာခိုင်နှုန်းတိုးမြှင့်ပေးပါတယ်။ ဒါ့ကြောင့် ရေသောက်ပေးခြင်းက သင့်ကိုဥာဏ်ရည်ထက်မြက်အောင်ကူညီပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။

၂။ စိတ်ရှုပ်မှု၊ စိတ်ပင်ပန်းမှုကို လျော့ချပေးတယ်

စိတ်အပြောင်းအလဲ အတက်အကျမြန်နေသလား၊ စိတ်ရှုပ်နေသလား။ ရေဓာတ်ခမ်းခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ပုံမှန်ရေသောက်ပေးခြင်းက ရေဆာမှရေသောက်ခြင်းထက် ခန္ဓာကိုယ်အတွက် များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် စွမ်းအင်ပမာဏလည်းလျော့ကျနိုင်တယ်၊ ခံစားချက်တွေလည်းမကောင်းတော့ဘူး၊ တွေးခေါ်နိုင်စွမ်းတွေလည်း လျော့ကျလာပါလိမ့်မယ်။ တစ်နေ့တာလုံးလည်း စိတ်ဖိစီးနေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် စိတ်ခံစားချက်တွေကောင်းအောင်လို့ ရေများများသောက်ပေးရမယ်နော်။

၃။ အလှအပအတွက်လည်း ကူညီပေးတယ်

ရေသောက်ခြင်းက ကျန်းမာရေးအတွက်သာမကဘဲ အလှအပအတွက်လည်း အကျိုးပြုပါတယ်။ ကိုယ်အလေးချိန်ကျချင်သူများအတွက် ရေများများသောက်ပေးရပါမယ်။ မနက်အိပ်ရာထတဲ့အချိန် ရေအေးတစ်ခွက်သောက်ပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပါတယ်။ အစားမစားခင်နဲ့ စားနေတဲ့အချိန်မှာ ရေသောက်ပေးမယ်ဆိုရင် သင့်ကို ဗိုက်မြန်မြန်ပြည့်စေပြီးတော့ ကိုယ်အလေးချိန်ကျအောင်ကူညီပေးပါလိမ့်မယ်။

သင့်အသားအရည်လှပအောင်လည်း ကူညီပေးပြီးတော့ ငယ်ရွယ်နုပျိုတဲ့ပုံသဏ္ဍာန်ပေါ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။ အရေးအကြောင်းတွေက ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်တာမို့လို့ ရေများများသောက်ပေးရမယ်နော်။

၎။ နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ရေသောက်ခြင်းက သင့်ကိုစိတ်ရောလူရော ကျန်းမာစေရုံမကဘဲ၊ သင့်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေစေဖို့လည်း ကူညီပေးပါတယ်။ တစ်နေ့ကို ရေငါးခွက်နဲ့အထက်သောက်ပေးတဲ့လူတွေက ရေနည်းနည်းပဲသောက်တဲ့သူတွေထက်စာရင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို (၄၁) ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် မိမိအလှအပကို ထိန်းသိမ်းချင်သူတွေနဲ့ ကိုယ်၊ စိတ် နှစ်ပါးစလုံး ကျန်းမာရွှင်လန်းဖို့ နေ့စဉ်ရေလုံလုံလောက်လောက်သောက်ကြပါစို့။

    Cart