အလုပ်ကြိုးစားတဲ့ အလုပ်ကြမ်းပိုးလေးတွေအတွက် မမေ့မလျော့အောင်ရေသောက်နည်း

in ကျန်းမာရေးအကြံပြုချက် August 22, 2018

ရေသောက်ခြင်းက သင့်စွမ်းအင်ပမာဏကိုလည်း တိုးမြှင့်ပေးရုံမကဘဲ အသားအရေစိုပြေလှပအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ရေသောက်ခြင်းကြောင့် ကျန်းမာရေးကောင်းကျိုးတွေရနိုင်သလို ရေလုံလုံလောက်လောက်မသောက်ဘူးဆိုရင်တော့ ဆိုးကျိုးတွေကလည်း မနည်းမနောပါပဲ။

စာလုပ်နေရင်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ် လုပ်လက်စအလုပ်ပျက်သွားမှာစိုးလို့ တကူးတကရေ ထမသောက်တော့ပဲ ရေသောက်ဖို့မေ့သွားတာလည်း ခဏခဏဖြစ်ဖူးမှာပါနော်။ အဲ့လိုရေသောက်ဖို့မမေ့အောင်လို့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရအောင်နော်။

၁။ Alarm ပေးထားမယ်

ရေသောက်ဖို့မမေ့အောင် သင့်ဖုန်းနဲ့ Alarm ပေးထားလိုက်ပါ။ ဖုန်းကနေ Alarm မြည်လာပြီဆိုရင် သင့်ကွန်ပြူတာရှေ့ကနေ ခဏထပြီး မျက်လုံးအနားပေးကာ အညောင်းပြေအညာပြေလျှောက်ပြီး ရေသွားသောက်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် သင့်အလုပ်စားပွဲကနေ အကြာကြီးထိုင်နေလို့ အညောင်းမိတာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အတွက်လည်း လိုအပ်တဲ့ ရေပမာဏရအောင် ကူညီပေးပါတယ်။

၂။ သင့်ရေဘူးကို ရေသောက်ချင်စရာဖြစ်အောင် ဖန်တီးပါ။

သင့်ရေဘူးကို ချစ်စရာကောင်းတဲ့ပုံ၊ စတိုင်ကျတဲ့ပုံဖြစ်အောင် ပြောင်းလဲဖန်တီးပြီး သင့်မျက်စိရှေ့ အလုပ်စားပွဲ၊ စာကြည့်စားပွဲပေါ်မှာ တင်ထားပေးမယ်ဆိုရင် သင်ရေသောက်ဖို့မေ့မှာ မဟုတ်တော့ပါဘူး။ ရေဘူးလေးကိုလည်း အမြဲတမ်းသန့်သန့်ရှင်းရှင်းလေးဖြစ်အောင် ဆေးကြောသန့်စင်ပေးဖို့ မမေ့ရဘူးနော်။

၃။ လက်ဗလာနဲ့ မနေပါနဲ့

Gym သွားရင်ပဲဖြစ်ဖြစ်၊ အလုပ်သွား၊ ကျောင်းတက်၊ သူငယ်ချင်းနဲ့ လျှောက်လည်ရင်ပဲဖြစ်ဖြစ် သင့်အိတ်ထဲမှာ ရေဘူးလေးအမြဲတမ်းဆောင်သွားပါ။ ဒါမှ ရေဆာရင် အဆင်သင့်ရေသောက်လို့ရမှာ မို့လို့ပါ။

၎။ သင့်သူငယ်ချင်းကို စိန်ခေါ်ပါ

 

သူငယ်ချင်းကို စိန်ခေါ်ပါဆိုလို့ မလန့်သွားပါနဲ့။ ဒီနည်းလမ်းလေးက သင်ကိုယ်တိုင်အတွက်ရော၊ သင့်သူငယ်ချင်းအတွက်ပါ အကျိုးရှိစေတဲ့ နည်းလမ်းလေးပါ။ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီးနေတဲ့ 30-Day Challenge ဆိုတာကို ကြားဖူးမှာပါနော်။ ဒီတစ်ခေါက်လည်း သင့်သူငယ်ချင်းနဲ့ ရေသောက်ပြိုင်ရမှာပါ။ တစ်နေ့ကိုရေရှစ်ခွက်သောက်ပြီး ရက်သုံးဆယ်စိန်ခေါ်မှုကိုစတင်လိုက်ပါ။ ရှုံးတဲ့သူက မုန့်ဝယ်ကျွေးကြေးပေါ့။

၅။ သင့်အိပ်ရာဘေးနားမှာ ရေဘူးထား ထားပါ

သင်တစ်ရေးနိုးလာလို့ ရေငတ်ရင်လည်း မီးဖိုချောင်ထဲ တကူးတကသွားစရာမလိုတော့ဘူးပေါ့။ မနက်မိုးလင်းလာရင်လည်း ရေအဆင်သင့်သောက်လို့ရတဲ့အတွက် ရေသောက်ဖို့ မေ့မှာ မဟုတ်တော့ပါဘူး။

၆။ ကပ်ခွာမှတ်စုအသုံးပြုပါ။

သင့်အိမ်နံရံ၊ အလုပ်စားပွဲအနီးအနားမှာ ကပ်ခွာမှတ်စုလေးကပ်ထားပြီး ရေသောက်ဖို့ မမေ့အောင်သတိပေးပါ။ ကိုယ့်ကိုယ်ကိုအားပေးနိုင်မယ့် စာလေးတွေရေးမှတ်ထားပါ။ ဥပမာ- ရေလည်းများများသောက်၊ ဝိတ်လည်းများများကျ ဆိုတဲ့ဆောင်ပုဒ်လေးက မိမိကိုစိတ်ဓာတ်တက်ကြွအောင်လုပ်ဆောင်ပေးတာလား။ ဒါမှမဟုတ် သင်ကအလှအပမက်မောတဲ့သူလား။ ကိုယ်နှစ်သက်ရာ မှတ်စုလေးကို အသုံးပြုပေးပါနော်။

    Cart