ဦးနှောက်စွမ်းဆောင်ရည်ကို ရေသောက်ခြင်းဖြင့် မြှင့်တင်လိုက်ပါ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ကျန်းမာလှပချင်ရင် ရေများများသောက်ပါလို့ လူကြီးသူမတွေပြောတာ ကြားဖူးနားဝရှိပြီးသားဖြစ်ပါလိမ့်မယ်။ အမှန်တကယ်တော့ ရေသောက်ခြင်းက ကျန်းမာလှပစေရုံသာမက အခြားကောင်းကျိုး အမြောက်အမြားလည်းရရှိနိုင်ပါသေးတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရ ရေသောက်သုံးခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။

ဘယ်လိုစမ်းသပ်ခဲ့ကြတာလဲ

သုတေသနပညာရှင်တွေက အုပ်စု ၂ စုခွဲပြီး လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ပထမအုပ်စုကို ရေမတိုက်တဲ့အခါ ဘာကိုတွေ့ရှိခဲ့လဲဆိုရင် ရေဆာလာတဲ့အခါ မှတ်ဥာဏ်စွမ်းအားလျော့ကျလာပြီး စိုးရိမ်စိတ်လှုပ်ရှားမှုတွေတိုးမြင့်လာတယ်၊ စိတ်ဓာတ်ကျမှုတွေတိုးမြှင့်လာပြီးတော့ စွမ်းအင်တွေလည်း လျော့နည်းသွားပါတယ်။ ရေသောက်တဲ့အုပ်စုကျတော့ ရေသောက်လိုက်တဲ့အချိန်မှာ မှတ်ဥာဏ်စွမ်းအားနဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ တိုးမြှင့်လာတယ် အာရုံစိုက်နိုင်စွမ်းမြင့်မားလာတာကို တွေ့ရှိခဲ့ကြတယ်။ ရေလုံလောက်စွာ မသောက်သုံးခြင်းက ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကစဥ့်ကလျားဖြစ်စေပါတယ်။

ဦးနှောက်ကို အစာကျွေးပါ

ရေကခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အားလုံးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ဦးနှောက်တစ်သျှူးလေးတွေဆီရောက်ရှိအောင် ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့်တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစွာရရှိနေခြင်းက ဦးနှောက်ကိုအားဖြည့်နည်းတစ်မျိုးပါပဲ။ တစ်နေ့ကို ယေဘုယျအားဖြင့် ရေ တစ်လီတာခွဲ၊ ဒါမှမဟုတ် နှစ်လီတာခန့်သောက်သုံးပေးခြင်းက အကောင်းဆုံးရေဓာတ်ဖြည့်နည်းတစ်မျိုးပါပဲ။

ဦးနှောက်ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

အရက်သေစာနဲ့ ကာဖိန်းဓာတ်ပါဝင်သောအရည်များက သင်ကိုဆီးရွှင်စေပြီး ရေဓာတ်အလျင်အမြန်ခမ်းခြောက်စေတာကြောင့် မသောက်သုံးသင့်ပါဘူး၊ အဲ့ဒီအစားရေကိုပဲ များများသောက်ပေးပါ။ သကြားဓာတ်လွန်ကဲတဲ့အချိုရည်များလည်း ရေဓာတ်ပြန်ဖြည့်ပေးတဲ့အရာတွေမဟုတ်တဲ့အပြင် ကျန်းမာရေးကိုပါထိခိုက်စေတာကြောင့် မသောက်သုံးသင့်ပါဘူး။ ဆေးဖက်ဝင်လက်ဖက်ရည်နဲ့ အရည်ရွှမ်းတဲ့အသီးတွေကိုတော့ စားသုံးပေးနိုင်ပါတယ်။

အစားအသောက်အနေနဲ့ရှောင်ကြဉ်ရမှာတွေကတော့

ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ဒိုးနတ်၊ သကြားဓာတ်လွန်ကဲတဲ့အအေးတွေက သင့်စိတ်ခံစားချက်မကောင်းအောင်ပြုလုပ်ပြီး ဦးနှောက်မှတ်ဥာဏ်ကိုလည်းထိခိုက်နိုင်ပါတယ်။ အသင့်စား အစားအစာတွေစားသုံးမယ့်အစား Antioxidant ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံ၊ ဘယ်ရီသီးနဲ့ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးပါ။

အဆီနဲ့ ပတ်သက်ရင်လည်း အစေ့အဆံတွေကရတဲ့ သဘာဝအဆီတွေကိုသာ စားသုံးပေးသင့်ပါတယ်၊ ဥပမာ- ထောပတ်သီး၊ မြေပဲ စတဲ့အစားအစာတွေကိုစားသုံးပေးပါ။ ပြီးရင် ကောင်းမွန်စွာနှစ်ခြိုက်အနားယူမယ်၊ ကောင်းကောင်းစားသောက်မယ်၊ ရေများများသောက်ပေးမယ်ဆိုရင်တော့ သင့်ဦးနှောက်က သင့်ကိုကျေးဇူးတင်ပါလိမ့်မယ်။

    Cart