ရေသောက်သုံးဖို့အတွက် အကောင်းဆုံးအချိန် ၇ ချိန်

in ကျန်းမာရေးအကြံပြုချက် September 2, 2018

ရေသောက်သုံးခြင်းက သင့်အသက်ကို ကယ်တင်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သန့်စင်တဲ့ ရေကို သောက်သုံးခြင်းက ခန္ဓာကိုယ်ကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရှိအောင် ရေများများသောက်ချင်ပါသလား။ သင့်ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးရေဓာတ်ကို ဖြည့်ပေးဖို့ အကောင်းဆုံးအချိန် ၇ ချိန်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မနက် အိပ်ရာထတဲ့အချိန် ရေသောက်ပါ

မနက်အိပ်ရာနိုးတဲ့အချိန် ရေတစ်ခွက်သောက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်လေးတွေကို အလုပ်ကောင်းကောင်းလုပ်ဖို့ လှုပ်နိုးလိုက်သလိုပါပဲ။ မနက် အိပ်ရာထတဲ့အချိန် ရေမသောက်ဘူးဆိုရင် ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အထူးသဖြင့် မနက်စာမစားဘူးဆိုရင် ပိုဆိုးပါတယ်။

၂။ အစာ မစားခင် ရေသောက်ပါ

အစာမစားခင် ရေသောက်ခြင်းက သင့်ကို ဗိုက်ပြည့်အောင် ကူညီပေးမှာ ဖြစ်ပြီး အစာအလွန်အကျွံစားမိခြင်းကို တားဆီးပေးမှာပါ။ ရေက အာရုံခံအဖုလေးတွေကို အလုပ်လုပ်ဖို့ နှိုးဆော်လိုက်ပြီး အစာအိမ်နံရံကို စိုစွတ်သွားအောင်ပြုလုပ်လိုက်တာကြောင့် အက်စစ်ဓာတ်ပါတဲ့အစာတွေ ခါးတဲ့အစာတွေကြောင့် မအီမသာခံစားရခြင်းကို ကာကွယ်ပေးမှာပါ။

၃။ ဗိုက်ဆာတဲ့အချိန် ရေသောက်ပါ

မနက်စာ စားပြီးတဲ့အချိန်နဲ့ နေ့ခင်းစာမစားရသေးခင်စပ်ကြားမှာ ဗိုက်ဆာနေရင် ရေ တစ်ဖန်ခွက်သောက်ခြင်းဖြင့် သင်တကယ်ပဲ ဗိုက်ဆာတာလား၊ ရေငတ်တာကြောင့် ဗိုက်ဆာတယ်လို့ ထင်ယောင်ထင်မှားဖြစ်တာလားဆိုတာကို အရင်သိအောင်လုပ်ပါ။ မုန့်ပဲသရေစာ မစားခင် ရေတစ်ခွက်သောက်ခြင်းက ဗိုက်အမြန်ပြည့်စေပြီး ကယ်လိုရီပမာဏကို လျော့ချပေးမှာပါ။

၎။ အားကစားမလုပ်ခင် ရေသောက်ပါ

သင့်ခန္ဓာကိုယ်အပူချိန်၊ ရာသီဥတု ပူပြင်းခြောက်သွေ့မှုနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိပြီးသားရေဓာတ်ပမာဏပေါ် မူတည်ပြီးတော့ ရေ ၁ ခွက်၊ ဒါမှမဟုတ် ၂ ခွက် ကို အားကစားမပြုလုပ်ခင် သောက်သုံးပေးပါ။ ဒါမှလည်း အားကစားပြုလုပ်နေစဉ်နဲ့ ပြုလုပ်ပြီးနောက်မှာ ရေဓာတ်ခမ်းခြောက်မှုကို ကြိုတင်ကာကွယ်ထားရာရောက်ပါတယ်။

၅။ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိတယ်ဆိုရင် ရေသောက်ပါ

ဘက်တီးရီးယားတွေက မျက်စိနဲ့ မမြင်နိုင်တာကို ဘက်တီးရီးယားထိတွေ့မှုကို ဘယ်လိုလုပ်ခံစားသိနိုင်မှာလဲဆိုတဲ့ မေးခွန်း မေးစရာရှိလာပါလိမ့်မယ်။ သင်က ဆေးရုံကို လူနာသတင်းသွားမေးရတာပဲဖြစ်ဖြစ်၊ သင့်ကျောင်း၊ သင့်ရုံးနဲ့ သင့်ပတ်ဝန်းကျင်မှာ ဖျားနာတဲ့သူရှိရင် ဗိုင်းရပ်စ်ပိုးတွေက သင့်ဆီကို ကူးစက်လာနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ လက်ကို စင်ကြယ်စွာဆေးဖို့ လိုအပ်သလို၊ ရေများများသောက်သုံးဖို့ကလည်း အရေးကြီးပါတယ်။

၆။ နေမကောင်းတဲ့အချိန်မှာ ရေများများသောက်ပါ

နေမကောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ပိုကုန်ဆုံးနေတာဖြစ်တဲ့အတွက်ကြောင့် ရေများများသောက်ပေးရမှာပါ၊ ရေဓာတ်ဖြည့်ပေးဖို့ ရေသောက်ခြင်းအပြင်၊ လက်ဖက်ရည်ကြမ်း၊ ကြက်စွပ်ပြုတ်စတဲ့ အစားအသောက်တွေကိုလည်း အားရှိအောင်စားပေးပါ။

၇။ ပင်ပန်းတဲ့အချိန်မှာ ရေသောက်ပါ

သင်ပင်ပန်းရခြင်းအကြောင်းအရင်းက ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ဖြစ်ပါတယ်။ အရမ်းပင်ပန်းလို့ တစ်ရေးတစ်မောလောက် အိပ်ချင်နေပေမဲ့ အိပ်ဖို့ အခြေအနေမပေးဘူးဆိုရင် ရေ နှစ်ခွက်လောက်သောက်ပေးလိုက်ပါ။ ပင်ပန်းနွမ်းနယ်တာတွေ ပြေပျောက်သွားပါလိမ့်မယ်။

    Cart