ရေသောက်ခြင်း (သို့မဟုတ်) ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝရဲ့ အဓိကသော့ချက်

in ကျန်းမာရေးအကြံပြုချက် August 25, 2018

ကလေးငယ်ငယ်လေးကအစ အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတွေအထိ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစွာ ရရှိနေဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ဖို့အတွက် အဓိကသော့ချက်ကတော့ ရေကိုပုံမှန်သောက်သုံးပေးခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ပူအိုက်တဲ့ရာသီဥတု၊ အားကစားမလုပ်မီ၊ လုပ်နေစဉ်နဲ့ အားကစားပြုလုပ်ပြီးချိန်၊ ကိုယ်ဝန်ဆောင်မိခင်တွေက ရေကိုပုံမှန်ထက်ပိုပြီး သောက်သုံးသင့်ပါတယ်။

ရေသောက်ခြင်းက ဘာ့ကြောင့်အရေးကြီးတာလဲ

ခန္ဓာကိုယ်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ရေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ခန္ဓာကိုယ်ရဲ့ (၆၀) ရာခိုင်နှုန်းခန့်က ရေဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့နေရာတိုင်းအတွက် အာဟာရဓာတ်တွေကို ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့်မို့ ခန္ဓာကိုယ်အေးမြနေစေဖို့ လုံလောက်တဲ့ရေပမာဏရရှိဖို့ လိုအပ်ပါတယ်။

တစ်နေ့ကို ရေဘယ်လောက်သောက်ပေးရမလဲ

အရွယ်ရောက်ပြီးသားလူတစ်ယောက်က အစားအစာထဲမှာ ပါဝင်တဲ့ ရေဓာတ်တွေအပြင် တစ်နေ့တာလုံးမှာ အနည်းဆုံး ရေတစ်လီတာခွဲလောက်သောက်သုံးသင့်ပါတယ်။ ပူအိုက်တဲ့ ရာသီဥတုကြောင့် ချွေးထွက်များနေရင်၊ ဒါမှမဟုတ် ကာယလေ့ကျင့်ခန်းပြုလုပ်ထားလို့ ချွေးထွက်များနေရင် ရေပိုသောက်သင့်ပါတယ်။

ရေသောက်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ

ရေငတ်နေခြင်းက သင်ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။ ရေသောက်ဖို့အကောင်းဆုံးအချိန်ကိုတော့ သတ်မှတ်ထားခြင်းမရှိပေမယ့် တစ်နေ့တာလုံးမှာ ရေကို ပုံမှန်သောက်သုံးပေးခြင်းက အကောင်းဆုံးပါပဲ။ အစားမစားခင်ရေသောက်မယ်၊ အစားစားနေတဲ့အချိန် ရေနည်းနည်းသောက်ပေးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပါ။ ရေငတ်တဲ့အချိန်အထိ ရေမသောက်ပဲနေခြင်းက မကောင်းပါဘူး။

ဘယ်သူတွေက ရေပိုသောက်ပေးဖို့ လိုအပ်သလဲ

ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေက ပုံမှန်ထက်ပိုပြီး ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

ရေဓာတ်လုံလောက်စွာ ရရှိဖို့ ဘယ်လိုနေထိုင်ရမလဲ

အရည်ရွှမ်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေစားသုံးပေးမယ်။ လေ့ကျင့်ခန်းလုပ်နေရင်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ် မိမိဘေးနားမှာ ရေဘူးလေးအမြဲတမ်းထားထားပြီးတော့ ရေခဏခဏသောက်ပေးခြင်းဖြင့် ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွနေပြီး အမြဲတမ်းအားပြန်ပြည့်နေမှာ အမှန်ပါပဲ။

    Cart