ရေမသောက်သည့်အခါ ခံစားရမည့် ရောဂါဝေဒနာများ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

လူသားတွေရဲ့ခန္ဓာကိုယ်အတွက်အရေးကြီးဆုံးက ရေပဲဖြစ်တဲ့အတွက်ကြောင့် ရေမရှိဘဲ အသက်မရှင်နိုင်ပါဘူး။  လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိက ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေက အဆိပ်အတောက်အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန်ညီမျှအောင် ထိန်းပေးခြင်းနဲ့ အခြားမြောက်များစွာသော လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။

တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်သုံးသင့်ပါတယ်။ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေပြီး၊ အကယ်၍လုံလောက်တဲ့ရေဓာတ်မဖြည့်ပေးပါက ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

အစာချေစနစ်နဲ့ ဆီးသွားခြင်းကို နှေးကွေးစေတယ်

ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်ဆီးသွားခြင်းက သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းနေခြင်း လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေပါက ၇ နာရီ ၈ နာရီကြာမှ ဆီးသွားခြင်းက ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ပါက အစာချေလမ်းကြောင်းမချောမွေ့တော့ဘဲ အဆိပ်အတောက်အညစ်အကြေးများခြောက်သွေ့သွားပြီး အူနံရံမှာ ကပ်ငြိကာ ဖြတ်သန်းသွားလာဖို့ခက်ခဲသွားကာ အစာအိမ်ကို ဒုက္ခပေးပါတော့တယ်။

နှုတ်ခမ်းခြောက်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်း

ရေလုံလောက်စွာမသောက်ရင် နှုတ်ခမ်းခြောက်ပြီး တံတွေးအနည်းငယ်နဲ့သာ စိုစွတ်မှုရှိအောင်ပြုလုပ်နေရပါတယ်။ တစ်ခါတစ်ရံသင်ငိုတဲ့အခါမှာတောင် မျက်ရည်မထွက်ပဲနေပါလိမ့်မယ်။ အသားအရေလည်းစိုစွတ်မှုမရှိတော့ဘဲ ကြမ်းတမ်းခြောက်သွေ့လာပါလိမ့်မယ်။

အရိုးအဆစ်နာကျင်ကိုက်ခဲမယ်

အရိုးတွေကို ဖုံးအုပ်ကာကွယ်ပေးထားတဲ့ အဆစ်တွေမှာ ရေ ၇၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ အရွတ်မှာ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါ အရွတ်ပျက်စီးယိုယွင်းလာပြီး အဆစ်နာကျင်ကိုက်ခဲပြီးတော့ အဆစ်ရောင်ရောဂါဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ကျောရိုးဆစ်နာကျင်ကိုက်ခဲခြင်းကလည်း ရေလုံလောက်စွာမသောက်ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။

ပင်ပန်းနွမ်းနယ်ခြင်း

ရေဓာတ်ခမ်းခြောက်တဲ့အခါ အလွယ်တကူပင်ပန်းနွမ်းနယ်ပြီး တစ်ကိုယ်လုံးမသယ်ချင်ဖြစ်အောင် စွမ်းအင်တွေကုန်ခမ်းနေပါလိမ့်မယ်။ မကြာခဏဆိုသလို အိပ်ငိုက်နေခြင်းလည်း ဖြစ်ပေါ်နိုင်ပါတယ်။

ရေအလွန်အမင်း ဆာခြင်း၊ ခေါင်းကိုက်ခြင်း

ရေမသောက်ပါက ခန္ဓာကိုယ်က သင့်ကိုသတိပေးတဲ့အနေနဲ့ ရေအလွန်အမင်းငတ်လာပါလိမ့်မယ်။ ဆိုးရွားတဲ့အခြေအနေရောက်လာရင်တော့ ခေါင်းကိုက်ခြင်းအပြင် မူးဝေခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလိုဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကို မခံစားရအောင် ရေဓာတ်လုံလောက်စွာ ပြန်လည်ဖြည့်တင်းပေးပါ။

    Cart