ရေမှန်မှန်သောက်သုံးပေးခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးတရား (၆) ပါး

in ကျန်းမာရေးအကြံပြုချက် September 25, 2018

ရေသောက်သုံးပေးခြင်းဟာ သင့်ရဲ့ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တာကြောင့် လုပ်ကိုလုပ်ပေးဖို့လိုအပ်ပါတယ်။ ရေသောက်သုံးမှုနှင့် စွန့်ထုတ်ခြင်းတို့ဟာ ညီမျှမှုမရှိရင်တော့ ရေဓာတ်ကုန်ခမ်းမှု ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ပူးတွဲသယ်ဆောင်လာနိုင်ပါတယ်။

ပူပြင်းတဲ့ရာသီဥတုတွေ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊ စတဲ့ အခြေအနေမျိုးတွေမှာ အရည်ဓာတ်ကုန်ဆုံးမှုဖြစ်ပေါ်လာနိုင်တဲ့အတွက် ကျန်းမာရေးအတွက် အဓိကအခန်းကဏ္ဍမှာပါဝင်နေတဲ့ ရေကိုမဖြစ်မနေ သောက်သုံးပေးသင့်တဲ့ အကြောင်းအရင်း(၆)ရပ်ကိုဖော်ပြပေးလိုက်ရပါတယ်။

ခန္ဓာကိုယ်တွင်း အရည်ဓာတ်ဟန်ချက်ညီအောင်ထိန်းပေးခြင်း

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီး အစာခြေဖျက်ခြင်း၊ စုပ်ယူခြင်း၊ ပုံမှန်လည်ပတ်ခြင်း၊ သွားရည်ဖန်တီးခြင်း၊ အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်ထိန်းသိမ်းပေးခြင်း စတဲ့ လုပ်ငန်းဆောင်တာများအတွက် အလွန်အရေးကြီးပါတယ်။ အရည်ဓာတ်နည်းပါးသည့်အခါမှာတော့ ဦးနှောက်မှနေ၍ ကိုယ်ခန္ဓာရေဆာလောင်မှုကို ဖြစ်ပေါ်အောင် အစပျိုးပေးနိုင်ပါတယ်။

ကယ်လိုရီများထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်လျှော့ချသူများအနေဖြင့်လည်း ၀ိတ်ကျရန်အတွက် ရေကိုများများသောက်သုံးတတ်ကြတာဟာ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ပါ။ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် မှော်ဆန်လောက်တဲ့သက်ရောက်မှုတွေမရှိပေမယ့်လည်း မြင့်မားလှတဲ့ကယ်လိုရီတွေပါဝင်သည့် ဖျော်ရည်၊ အအေးတွေ နေရာမှာ အစားထိုးလိုက်ခြင်းဖြင့် အကူအညီဖြစ်စေနိုင်ပါတယ်။ ရေများများသောက်ပေးခြင်းက ပြည့်အင့်မှုကိုဖြစ်စေရုံသာမက အဆိပ်အတောက်များကို ဖယ်ရှားပေးရာရောက်သည့်အတွက် အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။

ကြွက်သားများကို အားရှိစေခြင်း

ကြွက်သားများဟာ လုံလောက်မျှတတဲ့ အရည်ပမာဏကို မရရှိဘူးဆိုလျှင် ပုံမှန်အလုပ်မလုပ်နိုင်တော့ပဲ လုပ်ဆောင်နိုင်စွမ်းအားတွေ ကျဆင်းလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်သူများအနေဖြင့်လည်း လေ့ကျင့်ခန်းမစခင်မှာလည်း ရေသောက်သုံးဖို့လိုအပ်ပြီး ရပ်နားလိုက်သည့်အခါမှာလည်း ချွေးထွက်ခြင်းကြောင့် ကုန်ဆုံးသွားသည့် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် ရေသောက်သုံးပေးဖို့ အလွန်အရေးကြီးပါတယ်။

အသားအရေကို ၀င်းလက်လှပလာစေခြင်း

သင့်ခန္ဓာကိုယ်အရေပြားမှာ ရေဓာတ်အမြောက်အမြားပါဝင်နေပြီး ရေဓာတ်ကုန်ခမ်းမှုအလွန်အကျွံမဖြစ်ရလေအောင် ကာကွယ်ပေးနိုင်တဲ့ အတားအဆီးပါဝင်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းဟာ အသားအရေကို ပိုမိုခြောက်သွေ့စေပြီး အရေးအကြောင်းတွေဖြစ်ပေါ်စေနိုင်တာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

အူသိမ်အူမပုံမှန်အလုပ်လုပ်မှုကို ထိန်းသိမ်းပေးခြင်း

သင့်တင့်မျှတတဲ့ ရေဓာတ်ကိုရရှိထားမယ်ဆိုလျှင် အစာအိမ်အူလမ်းကြောင်းတစ်လျှောက် အစားအစာများစီးဆင်းလှုပ်ရှားမှုကို ချောမွေ့စေကာ ဝမ်းချုပ်မှုမဖြစ်အောင် တားဆီးပေးပါတယ်။ သို့သော်လည်း ရေဓာတ်လုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ အူလမ်းကြောင်းမှ ရေဓာတ်ထိန်းသိမ်းရန် ကျန်ရှိနေတဲ့ ရေအားလုံးကို စုပ်ယူသွားနိုင်တာကြောင့် စိတ်ညစ်စရာကောင်းတဲ့ ဝမ်းချုပ်မှုကို ပေါ်ပေါက်လာစေနိုင်ပါတယ်။

    Cart