ဘာ့ကြောင့် ရေများများသောက်သုံးသင့်သလဲ

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ April 19, 2019

ရေမှန်မှန်သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရေဓာတ်ပြည့်ဝခြင်းက ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုတော့  လူနည်းစုလောက်ကသာ ဂရုစိုက်အလေးထားကြတာပါ။

လက်တွေ့မှာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအကုန်လုံးက ရေဓာတ်ပေါ်မှာ မှီတည်နေရတာပါ။ အရွယ်ရောက်ပြီးသားလူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရေဓာတ် သုံးပုံနှစ်ပုံနဲ့ ဖွဲ့စည်းထားတာပါ။

သင့်ခန္ဓာကိုယ်တစ်သျှူးများနဲ့ အင်္ဂါအစိတ်အပိုင်းများက ရေဘယ်လောက်ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားသလဲဆိုတာ သင်သိပါသလား။

ဦးနှောက်က ရေ ၈၀ ရာခိုင်နှုန်း၊ နှလုံးကြွက်သားအပါအဝင် အခြားကြွက်သားများက ၇၅ ရာခိုင်နှုန်း၊ သွေးကတော့ ၈၃ ရာခိုင်နှုန်း၊ အဆုတ်က ၉၀ ရာခိုင်နှုန်း၊ အသားအရေက ၆၄ ရာခိုင်နှုန်းနဲ့ အရိုးတွေကတော့ ရေ ၃၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။

လုံလောက်တဲ့ရေဓာတ်ရရှိခြင်းက သင့်ခန္ဓာကိုယ်အတွက် မည်သည့်ကောင်းကျိုးများ ဆောင်ကျဉ်းပေးနိုင်ပါသလဲ။

ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးပေးစွမ်းနိုင်ခြင်း

သင့်ဦးနှောက်က ရေဓာတ်နဲ့ အများဆုံးဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရေဓာတ်လုံလုံလောက်လောက်ရရှိမယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်းမြင့်မားခြင်း၊ မှတ်ဥာဏ်စွမ်းအားမြင့်မားခြင်း၊ စိတ်ဖိစီးမှုကို လျော့ချပေးခြင်းနဲ့ စိတ်ခံစားချက်များကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ရေမှာ ကယ်လိုရီလုံးဝမပါဝင်တဲ့အတွက်ကြောင့် ရေသောက်သုံးခြင်းက အစားစားချင်စိတ်ကို လျော့ချပေးပြီး ဗိုက်မြန်မြန်ပြည့်အောင် ကူညီပေးနိုင်ပါတယ်။ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးထားတဲ့အတွက်ကြောင့် မလိုအပ်ဘဲနဲ့ အစားစားခြင်းကို တားဆီးပေးပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်များ ဖယ်ရှားပေးခြင်း

သင့်ခန္ဓာကိုယ်ထဲရှိအရည်များက ဆဲလ်တွေထဲက အညစ်အကြေးများကို ခန္ဓာကိုယ်ပြင်ပသိုပရောက်အောင် ပို့ဆောင်ပေးပြီး အသည်းနဲ့ကျောက်ကပ်ကတော့ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ ရေဓာတ်ပြည့်ဝမှသာ အသည်းနဲ့ ကျောက်ကပ်က ကောင်းစွာအလုပ်လုပ်နိုင်မှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်မယ်ဆိုရင်တော့ ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်တော့ဘဲ ဆီးလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများလည်း ခံစားရနိုင်ပါတယ်။

ကြွက်သားများ သန်စွမ်းကျန်းမာအောင် ပြုလုပ်ပေးခြင်း

အားကစားပြုလုပ်နေချိန်မှာ လုံလောက်တဲ့ရေဓာတ်ရရှိဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ရေဓာတ်က ကြွက်တက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းမှ ကာကွယ်ပေးပြီး ကြွက်သားများ ပို၍သန်မာလာစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

    Cart