ရေခဲရေသောက်ခြင်းနဲ့ ရေနွေးသောက်ခြင်းမှာ ဘယ်ရေက ကျန်းမာရေးအတွက် အသင့်တော်ဆုံးလဲ

in ကျန်းမာရေးအကြံပြုချက် August 27, 2018

ရေခဲရေပဲဖြစ်ဖြစ်၊ ရေနွေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက်အရေးအကြီးဆုံးကတော့ ရေဓာတ်ပြည့်နေဖို့ပဲဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာ ရေခဲရေက ပိုပြီးအကျိုးသက်ရောက်မှုရှိပြီိး၊ လည်ချောင်းနာပြီး နေမကောင်းဖြစ်နေမယ်ဆိုရင်တော့ ရေခဲရေသောက်သုံးဖို့ မသင့်တော်ပါဘူး။ ရေခဲရေနဲ့ ရေနွေး၊ ဘယ်ရေသောက်ရမလဲ ဆုံးဖြတ်ရခက်နေသူတွေအတွက် သူတို့ရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေခဲရေ

လူတော်တော်များများက ရေခဲရေရဲ့ အေးမြတဲ့အရသာကို ကြိုက်နှစ်သက်ကြပါတယ်။ ရေခဲရေသောက်သုံးဖို့ အသင့်လျော်ဆုံးအချိန်ကတော့ အားကစားပြုလုပ်ချိန်ပဲဖြစ်ပါတယ်။ ပြင်းထန်တဲ့အားကစားပြုလုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်မြှင့်တက်နေတဲ့အတွက်ကြောင့် ရေခဲရေသောက်သုံးခြင်းက သင့်မူလခန္ဓာကိုယ်အပူချိန်ပြန်လည်လျော့ချပေးအာင် ကူညီပေးပါလိမ့်မယ်။ ကိုလံဘီယာတက္ကသိုလ်က သုတေသနပညာရှင်တွေ လေ့လာချက်အရ ရေနွေးထက်စာရင် ရေအေးက ခန္ဓာကိုယ်ထဲပိုလျင်မြန်စွာ စိမ့်ဝင်သွားပြီး ရေဓာတ်မြန်မြန်ပြည့်စေပါတယ်။

ရေနွေး

ရေနွေးသောက်ခြင်းက ကျန်းမာရေးကို မထိခိုက်ပေမယ့် သင်အားကစားပြုလုပ်လိုက်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ ရေအေးလောက်အကျိုးသက်ရောက်မှုမရှိသလို ရေအေးလိုမျိုး အေးမြလန်းဆန်းသွားမယ့် ခံစားချက်ကိုလည်း မပေးစွမ်းနိုင်ပါဘူး။ ဒါပေမယ့် ရေခဲရေသောက်လို့ သွားကျဉ်ခြင်းကို အမြဲတမ်းခံစားရတယ်ဆိုရင်တော့လည်း ကြိတ်မှိတ်ပြီး ရေခဲရေသောက်နေစရာမလိုပါဘူး။ သင့်ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတယ်ဆိုရင်ပဲ လုံလောက်ပါပြီ။ ဒါ့ကြောင့် မိမိခန္ဓာကိုယ်နဲ့ သင့်လျော်မယ့် ရေအမျိုးအစားကိုပဲ ရွေးချယ်သောက်သုံးပေးပါ။

ရေဓာတ်ခမ်းခြောက်ခြင်း

သင်သောက်လိုက်တဲ့ ရေပမာဏထက် ရေဆုံရှုံးမှုကပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် နှုတ်ခမ်းခြောက်ခြင်း၊ ရေငတ်ခြင်း၊ အသားအရည်ကျစ်လျစ်မှုမရှိခြင်း၊ သွေးပေါင်ကျခြင်းနဲ့ နှလုံးခုန်မြန်ခြင်း စတဲ့ဝေဒနာများခံစားရပါလိမ့်မယ်။ တခါတရံမှာ သတိလစ်မေ့မြောခြင်းနဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။

သောက်သုံးရမယ့်ရေပမာဏ

လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်း မတူညီကြတဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်လိုအပ်တဲ့ ရေပမာဏကိုလည်း ပုံသေသတ်မှတ်ထားလို့မရပါဘူး။ ယေဘုယျအနေနဲ့ကတော့ တစ်နေ့ကို ၈ ခွက်မှ ၉ ခွက်အထိ သောက်သုံးပေးရပါမယ်။ ရေဓာတ်ပြည့်ဝနေဖို့အတွက် အစားမစားခင်၊ စားနေစဉ်နဲ့ အစားစားပြီးနောက်မှာလည်း ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် သောက်သုံးပေးပါ။ အကယ်၍ သင့်အသားအရည်က ခြောက်သွေ့နေမယ်။ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင်တော့ ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

    Cart