ကာယလေ့ကျင့်ခန်းပြုလုပ်သည့်အချိန်၌ ဘာ့ကြောင့်ရေကိုသာ ရွေးချယ်သောက်သုံးသင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, လေ့ကျင့်ခန်းများ August 25, 2018

အမြဲတမ်းရွှင်လန်းတက်ကြွနေချင်တယ်ဆိုရင် ရေဓာတ်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ ရေဓာတ်လုံလောက်စွာမရရင် မှတ်ဥာဏ်ထိခိုက်နိုင်ပြီး အာရုံစိုက်နိုင်စွမ်းလျော့ကျလာမယ်၊ အားကစားစွမ်းဆောင်ရည်လည်း လျော့ကျလာပါလိမ့်မယ်။

ချွေးထွက်သွားလို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည့်ဖြည့်တင်းပေးဖို့ဆိုရင် ရေကိုရွေးချယ်သောက်သုံးပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ရေပမာဏဘယ်လောက်ထိသောက်ပြီး ရေဓာတ်ပြန်ဖြည့်ရမလဲဆိုတာကတော့ သင်အားကစားကို ဘယ်လောက်ပြင်းပြင်းထန်ထန်ဆော့ထားသလဲ၊ သင်ချွေးဘယ်လောက်ထွက်ထားလဲ၊ ပြင်ပရာသီဥတုက အပူချိန်ဘယ်လောက်ရှိလဲဆိုတဲ့ အရာတွေအပေါ်မှာ မူတည်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ အားကစားမပြုလုပ်ခင် ရေတစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်သောက်ပေးရပါမယ်။ အားကစားလုပ်နေစဉ်မှာလည်း (၁၅) မိနစ်၊ ဒါမှမဟုတ် မိနစ် (၂၀) ခြားတစ်ခါ ရေတစ်ခွက်သောက်ပေးရပါမယ်။ အားကစားလုပ်ပြီးတဲ့အခါမှာလည်း ရေသောက်ပေးပြီးတော့ တစ်နေ့တာလုံးမှာလည်း ရေမှန်မှန်သောက်ပေးရပါမယ်။

အကယ်၍ သင်ကပြိုင်ပွဲဝင်ရမယ့် အားကစားသမား၊ အားကစား ပြင်းပြင်းထန်ထန်ဆော့ရမယ်ဆိုရင်တော့ သင့်ဆရာဝန်၊ အားကစားနည်းပြနဲ့ သင့်ထရိန်နာကို သေချာမေးမြန်းပြီးတော့ သောက်သုံးရပါမယ်။ ရေဆာတဲ့အချိန်မှ ရေသောက်တာမျိုးမလုပ်ရပါဘူး။ သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာမရရှိတဲ့အတွက် အရမ်းအန္တရာယ်များပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ နှုတ်ခမ်းခြောက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးဝေမောပန်းကာ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဆီးသွားနည်းခြင်းနဲ့ ဆီးသွားပါကလည်း အရောင်ရင့်သောဆီးသွားခြင်းတို့က ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပါပဲ။

အားဖြည့်အချိုရည်တွေသောက်မယ်ဆိုရင်ရော

အားဖြည့်အချိုရည်ထဲမှာ ကာဖိန်းဓာတ်ပါဝင်မှုအလွန်များပါတယ်။ အားဖြည့်အချိုရည်တစ်ပုလင်းမှာ ပါဝင်တဲ့ ကာဖိန်းဓာတ်က ဆိုဒါ (၁၄) ပုလင်းထဲမှာ ပါဝင်တဲ့ကာဖိန်းဓာတ်နဲ့ ညီမျှပါတယ်။ ကာဖိန်းဓာတ်က သင့်အရိုးတွေသန်မာဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို အနှောက်အယှက်ပေးပါတယ်။ ဒါ့အပြင်သကြားဓာတ်ပါဝင်မှုနှုန်းများတဲ့အတွက်ကြောင့် သင့်ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

ဒါ့အပြင် သွေးဖိအားတက်ခြင်း၊ ညဘက်တွင် အိပ်မရဘဲ နှလုံးတုန်ရင်ခုန်အောင် ပြုလုပ်ခြင်းစတဲ့ ဆိုးကျိုးများကြောင့် အားကစားသမားများတင်မဟုတ်ဘဲ လူတိုင်းလူတိုင်း တစ်နေ့တာလုံးရွှင်လန်းတက်ကြွဖို့အတွက် ကျန်းမာရေးနှင့်ညီညွှတ်သော ရေကိုသာရွေးချယ်သောက်သုံးသင့်ပါတယ်။

    Cart