အိပ်ရာမဝင်ခင် ရေသောက်ခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လား

in ကျန်းမာရေးအကြံပြုချက် August 30, 2018

ခန္ဓာကိုယ်က တစ်နေ့ခင်းလုံး အလုပ်လုပ်နိုင်ဖို့အတွက် ရေသောက်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးမှာလည်း အသက်ရှူခြင်း၊ ချွေးထွက်ခြင်းတွေကြောင့် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပါတယ်။ သင်အိပ်စက်အနားယူနေတဲ့အချိန်မှာလည်း ရေဓာတ်ဆုံးရှုံးပါတယ်။ အိပ်ရာမဝင်ခင် ရေတစ်ခွက်သောက်ခြင်းက တစ်ညတာလုံး ရေဓာတ်ဖြည့်ပေးဖို့အတွက် ကူညီပေးတယ်လို့ အချို့လူတွေက ထင်ကြပါတယ်။

ဒါနဲ့ပဲ သုတေသနပညာရှင်များက အိပ်ရာမဝင်ခင် ရေသောက်ခြင်းက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လားဆိုတာကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။

အိပ်ရာမဝင်ခင် ရေသောက်ရင် ဘာဖြစ်မလဲ

၆ နာရီ ၈ နာရီကျော်ကြာ ကောင်းစွာအိပ်စက်အနားယူခြင်းကို မနှောင့်ယှက်နိုင်အောင် ဆီးသွားခြင်းကို လျော့ချပေးဖို့အတွက် သင့်ခန္ဓာကိုယ်က လုပ်ဆောင်ပေးပါတယ်။ အိပ်ရာမဝင်ခင် ရေ ၂ ခွက် ၃ ခွက် သောက်သုံးခြင်းက သင့်ခန္ဓာကိုယ်ဖြစ်စဉ်ကို ကမောက်ကမဖြစ်အောင် ပြုလုပ်နေပါတယ်။ ကောင်းစွာ အိပ်စက်အနားမယူရတဲ့အခါ သွေးပေါင်တက်ခြင်း၊ ကိုလက်စထရောပမာဏ မြင့်မားလာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ လေ့လာချက်များအရ အသက် ၄၅ ကျော်တဲ့လူကြီများက အိပ်စက်ချိန် ၆ နာရီထက်နည်းမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနှုန်းကို တိုးမြှင့်စေပါတယ်။

ဒါပေမယ့် အိပ်ရာမဝင်ခင် ရေသောက်ခြင်းကြောင့် ကောင်းကျိုးရှိပါသေးတယ်

ရေသောက်ခြင်း (အထူးသဖြင့် ရေနွေးသောက်သုံးခြင်း) က သင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးပြီး အစာချေစနစ်ကို မြှင့်တင်ပေးပါတယ်။ ရေနွေးက သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးလှည့်ပတ်မှုကောင်းအောင်ပြုလုပ်ပေးပါတယ်။ ချွေးထွက်ခြင်းကြောင့် အရေပြားမှာကပ်ငြိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်လေးတွေကို ဖန်တီးပေးပါတယ်။

အိပ်ရာမဝင်ခင် ရေနွေးသောက်သုံးခြင်းက သင့်ကိုတစ်ညလုံးရေဓာတ်ပြည့်ဝနေစေမှာ ဖြစ်ပြီး အစာအိမ်နာခြင်း၊ ဗိုက်အောင့်ခြင်းများမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မနက်နိုးလာတဲ့အခါမှာလည်း လန်းဆန်းတက်ကြွနေအောင်၊ အတွေးအမြင်ကောင်း၊ ခံစားချက်ကောင်းတွေ ရရှိအောင် ပြုလုပ်ပေးပါလိမ့်မယ်။

ဘယ်အချိန်က ရေသောက်သုံးဖို့ အသင့်တော်ဆုံးလဲ

အိပ်စက်ချိန်နဲ့ အရမ်းနီးကပ်ပြီး ရေသောက်ခြင်းက အိပ်ရေးပျက်အောင်ပြုလုပ်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်ပါတယ်။ ဒါ့ကြောင့်တစ်နေ့တာလုံး ရေပုံမှန်သောက်သုံးပြီး အိပ်ခါနီး ရေအများကြီးသောက်သုံးခြင်းကို ရှောင်ကြဉ်ပေးပါ။

ယေဘုယျအားဖြင့်တော့ လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုများတဲ့နေ့တွေ ရာသီဥတုပူပြင်းခြောက်သွေ့တဲ့နေ့မျိုးနဲ့ ကိုယ်ဝန်ဆောင်မိခင်များက ရေပိုသောက်သုံးသင့်ပါတယ်။

    Cart