ဆီးလမ်းကြောင်းကို သန့်စင်ပေးဖို့အတွက် ရေဘယ်လိုသောက်သုံးရမလဲ

in ကျန်းမာရေးအကြံပြုချက် June 6, 2019

သင်သောက်သုံးလိုက်တဲ့ ရေပမာဏက သင့်ဆီးအရောင်အပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ Harvard ပြည်သူလူထုကျန်းမာရေးငှာနရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ သင့်ဆီးထဲမှာ ရေအပြင် ကျောက်ကပ်အကူအညီနဲ့ သွေးထဲကစစ်ထုတ်ပေးတဲ့ အညစ်အကြေးများ ပါဝင်ပါတယ်။ ဆီးအရောင်ရင့်လေ အညစ်အကြေးများလေပဲဖြစ်ပါတယ်။

သင်က ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ဆီးအရောင်က ပယင်းရောင် အရောင်ရင့်ရင့်သွားမှာဖြစ်ပြီး အနံ့အသက်လည်းပြင်းမှာဖြစ်ပါတယ်။ တကယ်လို့ ရေသောက်များမယ်ဆိုရင်လည်း သင့်ကျောက်ကပ်ကို အလုပ်အပိုတွေလုပ်ဆောင်ရအောင် တာဝန်ပေးတာနဲ့တူနေပါတယ်။

ရေကို နည်းစနစ်တကျသောက်သုံးပုံအဆင့်ဆင့်

အဆင့် ၁

မနက်မိုးလင်း အိပ်ယာနိုးထတဲ့အခါ ရေနွေးနွေးလေး ၈ အောင်စခန့်ကို လက်ဖက်ခြောက်နဲ့အခြားသဘာဝဆေးဖက်ဝင်အရွက်များမထည့်ဘဲ သောက်သုံးပေးလိုက်ပါ။ မနက်စောစောမှာ ရေအေးသောက်သုံးခြင်းထက် ရေနွေးနွေးလေးသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ကူညီပေးပါတယ်။

အဆင့် ၂

မနက်စာ စားပြီးတဲ့အချိန်နဲ့ နေ့လည်စာမစားခင်မှာ ရေ ၈ အောင်စခန့် သုံးကြိမ်သောက်ပေးလိုက်ပါ။ ရေအေးသောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ရေနွေးနွေးလေးမသောက်ချင်ဘူးဆိုရင်တော့ အခန်းအပူချိန်နဲ့ညီမျှတဲ့ရေကို သောက်သုံးပေးလိုက်ပါ။

အဆင့် ၃

နေ့လည်စာ စားပြီးတဲ့အခါမှာတော့ ရေ ၈ အောင်စခန့်ကို လေးခါလောက် ထပ်မံသောက်သုံးပေးပါ။ ညစာစားပြီးတဲ့အခါမှတော့ ရေ ၈ အောင်စခန့် လေးကြိမ်ခွဲသောက်ပေးလိုက်ပါ။

အဆင့် ၎

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တဲ့နေ့မျိုး၊ ဒါမှမဟုတ် ရာသီဥတုပူပြင်းခြောက်သွေ့တဲ့နေ့မျိုးမှာ ပုံမှန်ထက် ရေများများသောက်သုံးပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်ခင် ၃ နာရီခန့်အလိုမှာ ရေ ၁၇ အောင်စ ကနေ ၂၀ အောင်စအထိ ကြိုတင်သောက်သုံးပေးပြီး အားကစားလုပ်ခါနီး မိနစ် ၃၀ အလိုမှာတော့ ရေ ၈ အောင်စခန့် သောက်သုံးပေးပါ။ လေ့ကျင့်ခန်းပြုလုပ်နေစဉ် မိနစ် ၂၀ တစ်ခါ ရေ ၇ အောင်စမှ ၁၀ အောင်စအထိ သောက်သုံးပေးပါ။ လေ့ကျင့်ခန်းပြုလုပ်ပြီး မိနစ် ၃၀ အကြာမှာတော့ ရေ ၈ အောင်စခန့် သောက်သုံးပေးလိုက်ပါ။

သတိထားရမည့်အချက်များ

ဆီးသွားတဲ့အခါ နာကျင်မှုခံစားရခြင်း၊ ပုံမှန်ထက် ပို၍မကြာခဏဆီးသွားခြင်း၊ အနံ့အသက်ပြင်းသောဆီးသွားခြင်းများက ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးမျိုးခံစားနေရတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးအရောင်က မိမိစားသုံးထားတဲ့အစားအစာများနဲ့ လုံးလုံးမျှမသက်ဆိုင်ဘဲ ထူးဆန်းသောအရောင်များသွားခြင်း၊ သွေးပါခြင်းများ ကြုံတွေ့နေရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။

    Cart