ရေသန့်ဘူးများ၊ အချိုရည်ဘူးများကို ထပ်ခါတလဲလဲ ရေပြန်ဖြည့်ပြီးသောက်ခြင်းက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လား

in ကျန်းမာရေးအကြံပြုချက် August 27, 2018

ပလပ်စတစ်ရေသန့်ဘူးများဟာ PET လို့ ခေါ်တဲ့ Polyethylene Terephthalate ကနေပြုလုပ်ထားပြီး အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနက အတည်ပြုချက်အရ PET ကို တစ်ကြိမ်တစ်ခါတည်းအသုံးပြုနိုင်သလို အကြိမ်ရေများစွာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ရေသန့်စက်ရုံများကတော့ ရေသန့်ဘူးများကို တစ်ကြိမ်တည်းအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် တာရှည်မခံပါဘူး။

ရေသန့်ဘူးများကို ကြိမ်ဖန်များစွာ ရေပြန်ဖြည့်ပြီး သုံးခြင်းက ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်သလဲ

ရေသန့်ဘူးကို ခဏခဏဆေးခြင်းကြောင့် ရေသန့်ဘူးထဲက ဓာတုပိုးသတ်ဆေးတွေကို ဆေးကြောမိသလိုဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားများပေါက်ပွားနိုင်ပါတယ်။ အရီဇိုးနားပြည်နယ်က တက္ကသိုလ်တစ်ခုမှ သုတေသနပညာရှင်များက မတူညီတဲ့ရေသန့်အမျိုးအစားကိုးမျိုးကို သုတေသနပြုလုပ်ပြီး ရေသန့်ဘူးထဲမှာ ဘယ်လိုဓာတုဓာတ်တွေပါဝင်ပြီးတော့ ပမာဏဘယ်လောက်ပါဝင်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

ဘယ်လိုဓာတုဓာတ်တွေပါဝင်သလဲ

လေ့လာချက်အရ ရေသန့်ဘူးခွံပြုလုပ်ဖို့အတွက် အသုံးပြုတဲ့ ပလပ်စတစ်ထဲမှာ ခနောက်စိမ်းကိုတွေ့ရပါတယ်။ အဲ့ဒီဓာတ်ကို မျိုချမိပါက အော့အန်ခြင်းနဲ့ ဝမ်းလျောခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရေသန့်ဘူးကို ကြိမ်ဖန်များစွာဆေးကြောခြင်းကြောင့် ခနောက်စိမ်းဓာတ်က ရေထဲမှာ ပျော်ဝင်သွားပါတယ်။ ကင်ဆာရောဂါကိုဖြစ်နေနိုင်တဲ့ ကာဆီနိုဂျင်ဓာတ်တစ်မျိုးကလည်း ရေသန့်ဘူးဆေးကြောတဲ့အခါ ကျန်ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့်ရေသန့်ဘူးခွံ၊ အချိုရည်ဘူးခွံများကို သုံးလကျော်ကြာအသုံးပြုခြင်းက ကျန်းမာရေးအတွက်မကောင်းဘူးလို့ သုတေသနပညာရှင်များက ပြောကြားပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လိုအသုံးပြုမလဲ

ရေသန့်ဘူးကို မကြာခဏ နည်းမှန်လမ်းမှန်ဆေးကြောခြင်းမရှိရင် ဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးအားမြှောက်ပြုပါတယ်။ ဘက်တီးရီးယားများကို ဖယ်ရှားဖို့အတွက် ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးမယ်။ ဆေးပြီးပါကလည်း ချက်ချင်းအသုံးမပြုသေးဘဲ အရင်ဆုံးခြောက်သွေ့သွားအောင် လေသလပ်ခံပေးရပါမယ်။ ဒါ့အပြင် ခြစ်ရာရှိတဲ့ ရေသန့်ဘူးများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

ခြစ်ရာထဲမှာ ဘက်တီးရီးယားတွေ ဝင်ရောက်ခိုအောင်းနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ ခြစ်ရာပါတဲ့ရေသန့်ဘူးတွေ သေချာဆေးကြောသန့်စင် အခြောက်ခံထားခြင်းမရှိတဲ့ ရေသန့်ဘူးများ၊ အချိုရည်ဘူးများကို ထပ်ဖန်တလဲလဲ အသုံးပြုခြင်းမှ ရှောင်ကြဉ်ကြရအောင်နော်။

    Cart