အသားအရေကျန်းမာလှပနေခြင်းနဲ့ ရေက ဘယ်လိုဆက်စပ်မှုရှိသလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ September 2, 2018

အသားအရေ ဂရုစိုက်တတ်တဲ့ ပျိုမေလေးတွေ အနေနဲ့ ရေသောက်ပြီး အမြဲတမ်းရေဓာတ်ဖြည့်နေဖို့ကို မမေ့လျော့သင့်ပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အခြားသောအင်္ဂါအစိတ်အပိုင်းလေးတွေလိုပဲ အရေပြားကလည်း ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ အရေပြားဆဲလ်လေးတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ရေလိုအပ်ပါတယ်။ ရေက အသားအရေ ကျန်းမာလှပနေစေဖို့ ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို ဆက်လက် ဖတ်ရှုကြည့်ရအောင်နော်။

အသားအရေအစိုဓာတ်ကို ထိန်းသိမ်းပေးဖို့အတွက် တကူးတကကြီး Skincare တွေ Moisturizer Gel တွေ မလိမ်းချင်ဘူးဆိုရင်တော့ ရေပုံမှန်သောက်ပေးပါနော်။ ရေက သဘာဝ Moisturizer ပါပဲ။

အရေပြားဆဲလ်လေးတွေဆီ အာဟာရတွေရောက်ရှိအောင်လို့ ရေကပဲ အဓိကသယ်ယူပို့ဆောင်ပေးတာပါ။ အရေပြားတစ်သျှူးလေးတွေ အသစ်ပြန်လည်ဖြစ်လာအောင်၊ အရေပြားတင်းရင်းလာအောင် ရေကပဲ အဓိကပြုလုပ်ပေးတာပါ။

အရေးအကြောင်းဖြစ်ခြင်း၊ ပါးရေတွန့်ခြင်းတွေက အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာတွေပါပဲ။ ရေဓာတ်ခမ်းခြောက်ခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဘယ်မိန်းကလေးကမှ အသက်အရွယ်ထက် ရုပ်ရင့်နေတာကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် အရွယ်တင်လှပနေစေဖို့ ရေဓာတ်အမြဲတမ်းဖြည့်ပေးကြပါလို့ အကြံပြုချင်ပါတယ်။

ရေသောက်ခြင်းက အစာချေစနစ်ကိုကူညီပေးပြီး ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ မရှိတော့တဲ့နောက်မှာ အသားအရေလေးကြည်လင်ဝင်းမွတ်လာပါလိမ့်မယ်။

ရေသောက်ခြင်းတစ်ခုတည်းကပဲ အသားအရေကျန်းမာရေးအတွက် အထောက်အကူပေးတာမဟုတ်ပါဘူး။ ရေအေးအေးလေးနဲ့ ရေချိုးပေးမယ်ဆိုရင် အာရုံကြောတွေကို တည်ငြိမ်အောင်ပြုလုပ်ပေးပြီး စိတ်လက်ငြိမ်းအေးနေစေမှာ အမှန်ပါပဲ။ စိတ်ဖိစီးခြင်းကလည်း အသားအရေကို ထိခိုက်နိုင်တာမို့လို့ ရေအေးနဲ့ ရေချိုးပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေ ပြေပျောက်သွားမှာပါ။

ရေအေးနဲ့ ရေချိုးပေးခြင်းက အသားအရေ နီမြန်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ရေအေးက မျက်အိတ်ဖောင်းခြင်းကိုလည်း ကူညီပေးပါတယ်။ အငိုသန်တဲ့မိန်းကလေးတွေ အားရပါးရငိုပြီးလို့ မျက်လုံးဖောင်းအစ်မနေချင်ဘူးဆိုရင် ရေခဲအုပ်တာကို ကြားဖူးကြမှာပါနော်။ အဲ့လိုပဲ မျက်လုံးဖောင်းအစ်နေတာကို မကြိုက်ဘူးဆိုရင် ရေအေးနဲ့ မျက်နှာသစ်ပေးပါ။

    Cart