အရသာရှိတဲ့ရေကို ဖန်တီးသောက်သုံးနည်း (၄) ချက်

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 27, 2018

ပူပြင်းခြောက်သွေ့တဲ့နေ့တွေမှာ ရေသောက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွပေါ့ပါးစေတဲ့အတွက်ကြောင့် ရေသောက်ခြင်းလောက် ကောင်းမွန်တာမရှိပါဘူး။ သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ သင်ကအခြားအရသာကောင်းမွန်တဲ့အချိုရည်တွေကို သောက်သုံးချင်မှာပါပဲ။

ဒါပေမယ့်လည်း အချိုဓာတ်လွန်ကဲတဲ့ အချိုရည်တွေက သင့်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး၊ သင့်ရဲ့တက်ကြွလန်းဆန်းတဲ့လူနေမှုဘဝကို နှောင့်ယှက်နိုင်တာမို့လို့ သဘာဝအတိုင်းရေကို အရသာရှိရှိဘယ်လိုသောက်သုံးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လတ်ဆတ်တဲ့သစ်သီးလေးတွေ စိမ်သောက်မယ်

သင့်ရေကို သဘာဝအတိုင်းအရသာရှိစေမယ့် ပထမဆုံးနည်းလမ်းလေးကတော့ လတ်ဆတ်တဲ့သစ်သီးစိမ်သောက်ခြင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံး ရေကရားကြီးတစ်ခုထဲ ရေအေးထည့်ပါ။ ရေကရားပိုကြီးလေ ပိုကောင်းလေပါပဲ။ ဒါမှ ခဏခဏထပ်ဖျော်စရာမလိုမှာပါ။ ပြီးရင် မိမိကြိုက်နှစ်သက်ရာ သစ်သီးကို ပါးပါးလှီးထည့်ပါ။ ပြီးရင် ရေခဲတုံးလေးတွေထည့်ပါ။ ဆန္ဒရှိတယ်ဆိုရင် သဘာဝဆေးဖက်ဝင်အပင်လေးတွေပါ ထပ်ထည့်နိုင်ပါတယ်။

သစ်သီးရေခဲထည့်မယ်

သစ်သီးရေခဲပြုလုပ်ဖို့အတွက် အရင်ဆုံး မိမိကြိုက်နှစ်သက်တဲ့အသီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သစ်သီးအနှစ်လေးရအောင်ပြုလုပ်ပါ။ ရလာတဲ့သစ်သီးအနှစ်လေးတွေကို ရေခဲတုံးလင်ဗန်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံလိုက်ပါ။ သစ်သီးရေခဲတုံးဖြစ်သွားပြီဆိုရင်တော့ ရေခွက်ထဲကို ထည့်သောက်ပေးခြင်းအားဖြင့် သဘာဝအတိုင်းအရသာရှိတဲ့ ရေကိုသောက်သုံးနိုင်ပါပြီ။ လူငယ်တွေအနေနဲ့တော့ ဒီနည်းလမ်းကို ပိုအကြိုက်တွေ့မယ်လို့ ထင်ပါတယ်။

သစ်ကြမ်းပိုးခေါက်သုံးမယ်

ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ သစ်ကြမ်းပိုးခေါက်ကို ရေခွက်ထဲကို ထည့်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့နောက်မှာ အရသာရှိတဲ့ရေကို သောက်သုံးနိုင်ပါပြီ။ သစ်ကြမ်းပိုးခေါက်ရဲ့ ကျန်းမာရေးအတွက်ကောင်းကျိုးတွေက သွေးထဲမှာရှိတဲ့ သကြားပမာဏကိုထိန်းညှိပေးတယ်၊ ကိုလက်စထရောကိုလည်း ကျစေပါတယ်။ ဒီနည်းလမ်းလေးက ပြုလုပ်ရတာလွယ်ကူတဲ့အတွက် လူကြီးတွေအတွက် ပိုအသုံးဝင်ပါတယ်။

လက်ဖက်ရည်ကြမ်းသောက်မယ်

 

ရေထဲကို သဘာဝဆေးဖက်ဝင်လက်ဖက်ခြောက်ထည့်သောက်ပေးခြင်းက အမောအပန်းပြေစေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်၊ အစာချေစနစ်ကိုလည်း ကူညီပေးတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ပိုပြီးအရသာရှိချင်တယ်ဆိုရင်တော့ ပင်စိမ်းရွက်လေးထပ်ထည့်နိုင်ပါတယ်။ အပူသောက်ချင်တာလား၊ အအေးသောက်ချင်သလားဆိုတာကိုတော့ နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။

    Cart