ကျန်းမာရေးအတွက်သိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာရပ်များ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း April 19, 2019

ရေငတ်ခြင်း၊ ဆီးသွားတဲ့အခါ အရောင်ရင့်ရင့်အရည်များသွားခြင်းက သင်ရေများများသောက်ဖို့ လိုအပ်နေကြောင်း သတိပေးနေတဲ့ လက္ခဏာတွေပါပဲ။ ခံတွင်းအနံ့အသက်မကောင်းခြင်း၊ စိတ်ဆိုးဒေါသထွက်လွယ်နေခြင်း၊ စိတ်ပင်ပန်းခြင်း၊ ချိုသော အစားအစာများ စားသုံးချင်စိတ်ဖြစ်ပေါ်ခြင်းကလည်း ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

အခြားသော စိုးရိမ်သင့်တဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

ရုတ်တရက်မတ်တပ်ရပ်လိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း

ထိုင်နေရာက ရုတ်တရက်မတ်တပ်ရပ်လိုက်မယ် (သို့) လှဲလျောင်းနေရာက ချက်ချင်းမတ်တပ်ရပ်လိုက်တဲ့အခါ ခေါင်းမူးသွားသလိုခံစားရခြင်းက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေတဲ့အတွက်ကြောင့် သွေးပေါင်ချိန်နဲ့ သွေးဖိအားကျနေလို့ပဲဖြစ်ပါတယ်။

အသားအရေတင်းရင်းမှု မရှိဘဲ လျော့တိလျော့ရဲဖြစ်ခြင်း

အရေပြားကို စက္ကန့်အနည်းငယ်ကြာ ဆွဲဆိတ်ထားပြီး ပြန်လွှတ်ချလိုက်ပါ။ သူ့မူလအသားအရေအတိုင်း လျင်လျင်မြန်မြန် ပြန်လည်ရောက်ရှိသွားမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုမှမဟုတ်ပဲ နဂိုမူလအသားရေကို ပြန်လည်ရောက်ရှိဖို့ အချိန်တော်တော်ကြာနေမယ်ဆိုရင်တော့ သင် ရေဓာတ်ခမ်းခြောက်နေပါတယ်။ ရေဓာတ်ခမ်းခြောက်တိုင်းမှာ အသားအရေတင်းရင်းမှုက ၅ ရာခိုင်နှုန်းစီ လျော့ကျသွားပါတယ်။

ကွတ်ကီးနဲ့ အချိုဓာတ်လွန်ကဲသော အစားအစာများ စားချင်စိတ်ဖြစ်ပေါ်နေခြင်း

ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်တဲ့အခါ မုန့်အချိုစားချင်စိတ်ဖြစ်ပေါ်နေပါတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မုန့်အချိုစားတာထက်စာရင် လတ်ဆတ်တဲ့ သစ်သီးဝလံများ စားသုံးပေးလိုက်ပါ။

ကားမောင်းတဲ့အခါ မူးဝေနေခြင်း

ဒီတစ်ချက်က ကားမောင်းသူများ အထူးသတိထားရမယ့်အချက်ပဲဖြစ်ပါတယ်။ ကားမောင်းတဲ့သူတွေက ကားခဏခဏရပ်ပြီး အလေးမသွားချင်တဲ့အတွက်ကြောင့် ကားမမောင်းခင်အချိန်မှာရော ကားမောင်းနေစဉ်မှာပါ ရေသိပ်သောက်လေ့မရှိပါဘူး။ ဗြိတိန်လူမျိုးသုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ၂ နာရီကြာကားမောင်းရတဲ့ခရီးတစ်ခုကို ရေဓာတ်ပြည့်ဝနေသော ကားမောင်းသမားများနဲ့ ရေဓာတ်ခမ်းခြောက်နေတဲ့ ကားမောင်းသမားတွေကို မောင်းနှင်စေပါတယ်။

ရေဓာတ်ခမ်းခြောက်နေတဲ့ ကားမောင်းသမားတွေက ဘရိတ်နင်းတဲ့အခါ အချိန်အနည်းငယ်နောက်ကျမှ နင်းခြင်း၊ မိမိမောင်းနေသော လမ်းကြောင်းပေါ်မှာ ချော်ထွက်သွားခြင်း စတဲ့ အမှားတွေပြုလုပ်မိတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းက ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပြီး တိကျပြတ်သားစွာစဉ်းစားနိုင်စွမ်းနဲ့ အလိုအလျောက်တုန့်ပြန်နိုင်စွမ်းကို လျော့နည်းသွားစေလို့ပါပဲ။

    Cart