သုံးရက်လုံးလုံးအစာမစားဘဲ ရေနဲ့ ဝိတ်ချမယ်

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက် August 25, 2018

၁၉၈၀ ပြည့်နှစ်မှာ အမည်မဖော်လိုသူတစ်ဦးက သုံးရက်လုံးလုံးအစာမစားဘဲ ကိုယ်အလေးချိန်လျော့ချတဲ့ နည်းလမ်းကို စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။ ဒီနည်းလမ်းက အချိန်တိုအတွင်းမှာ အမြန်ဆုံးကိုယ်အလေးချိန်ကျစေချင်သူအတွက် အသုံးဝင်မယ့်နည်းလမ်းလေးပါ။

ဝိတ်ချမယ့်သူက သုံးရက်လုံးလုံး အစာရော ဆေးဝါးတွေပါမမှီဝဲဘဲနဲ့ ရေကိုသာသောက်သုံးရမှာဖြစ်ပါတယ်။

ဝိတ်ချမယ့်နည်းလမ်း

အဆီတွေကိုလောင်ကျွမ်းစေသော ဝိတ်ချနည်း ဆိုတဲ့စာအုပ်ကို ရေသားတဲ့ စာရေးဆရာ Mackie Shilstone ပြောကြားချက်အရ ဝိတ်ချမယ့်သူက သုံးရက်လုံးလုံး ရေကိုသာသောက်သုံးခြင်းဖြင့် ကြွက်သားတွေကိုအားဖြည့်ပေးမယ်၊ အစာမစားဘဲ ဗိုက်ပြည့်နေစေမှာဖြစ်တယ်။ ကိုယ်အလေးချိန်ချမယ့်သူက ရေကိုပဲ သောက်သုံးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ မလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ရေကဖယ်ရှားပေးတာဖြစ်တဲ့အတွက်ကြောင့် ဒီနည်းလမ်းက အဆိပ်အတောက်ဖြေတဲ့စနစ်အဖြစ်လည်း ဆောင်ရွက်ပေးတယ်။

ကောင်းကျိုး

ဒီနည်းလမ်းရဲ့ ကောင်းကျိုးအနေနဲ့ကတော့ ရေကအလွယ်တကူနဲ့ ဈေးသက်သက်သာသာရနိုင်တာမို့လို့ အကုန်အကျသက်သာစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ဝိတ်ချတဲ့သူက ၃ ပေါင်ကနေ ၅ ပေါင်အထိ ကိုယ်အလေးချိန်ကျသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲလမ်းသဘင်အခမ်းအနားတက်ရောက်စရာရှိလို့ အချိန်တိုအတွင်း ဝိတ်ကျချင်သူများအနေနဲ့ ဒီနည်းလမ်းလေးက အသုံးဝင်မှာပါ။

ဆိုးကျိုး

ဘယ်အရာမဆို ကောင်းကျိုးနဲ့ဆိုးကျိုးက အမြဲတမ်းဒွန်တွဲနေတာဖြစ်တယ်။ ဒီနည်းလမ်းကို တစ်လမှာသုံးရက်ထက်ပိုပြီး အမြဲတမ်းမပြုလုပ်သင့်ပါဘူး။ သုံးရက်လောက်ဝိတ်ချပြီးနောက် ကျန်တဲ့ရက်တွေမှာ အစားအသောက်မဆင်ခြင်ပါကလည်း ကျပြီးသားကိုယ်အလေးချိန်တွေ ပြန်တက်နိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့သူ၊ မကြာခဏနေမကောင်းဖြစ်တဲ့သူ၊ ရောဂါတစ်ခုခုကြောင့် ခွဲစိတ်မှုခံယူထားပြီးတဲ့သူတွေက ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။ အစာမစားဘဲ အငတ်ခံခြင်းကြောင့် ဗီတာမင်ချို့တဲ့ပြီး ကြွက်သားများပျက်စီးခြင်း၊ ရေကိုပဲ သောက်သုံးခြင်းကြောင့် ဆီးမကြာခဏသွားခြင်းစတဲ့ ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်။

ဒီနည်းလမ်းက သုတေသနပြုလုပ်ထားပြီး စနစ်တကျစမ်းသပ်ထားခြင်းမရှိဘဲ အင်တာနက်သုံးစွဲသူများကသာ အောင်မြင်စွာပြုလုပ်ထားတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် အာဟာရသိပ္ပံပညာပါရဂူဘွဲ့ရရှိသူများ၊ ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များကတော့ ဒီနည်းလမ်းကို ကန့်ကွက်ကြပါတယ်။

အကျိုးသက်ရောက်မှု

အရီဇိုးနားပြည်နယ်မှာ နေထိုင်သူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက တစ်လမှာ သုံးရက်လုံးအစာမစားဘဲ ရေကိုပဲ သောက်သုံးတယ် ကျန်တဲ့ရက်တွေမှာ ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်အစား စားတယ်၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကြောင့် တစ်လအတွင်းမှာတင် ၁၀ ပေါင်ကျတယ်လို့ ပြောပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်တဲ့အခြားသောဝိတ်ချသူများကလည်း တစ်နှစ်အတွင်းမှာ ပေါင် ၅၀ ကနေ ပေါင် ၇၀ အထိ ကျသွားတယ်လို့ ပြောကြပါတယ်။ ဒီနည်းလမ်းလေးကိုပြုလုပ်ချင်သူများအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာပြုလုပ်သင့်ပါတယ်။

    Cart