သင့်ဘဝကို ပြောင်းလဲပေးမယ့် ရေသောက်ခြင်းအကြောင်းအရင်းများ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 30, 2018

ဒီနေ့တစ်နေ့လုံး ရေငတ်တာကို ခံစားမိသေးလား။ ခံစားမိတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က ရေဓာတ်ပြန်ဖြည့်ပေးဖို့ တောင်းဆိုနေတာပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအကုန်လုံးက ရေဓာတ်မရရှိရင် ကောင်းစွာအလုပ်မလုပ်နိုင်ပါဘူး။ ရေမရှိရင် အသက်မရှင်နိုင်ပါဘူး။

အစားမစားဘဲနဲ့ အသက်ရှင်နိုင်ပေမယ့် ရေမသောက်ရင်တော့ အများဆုံးတစ်ပတ်ပဲ ခံနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ရေကို အဓိကဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။

ကင်ဆာရောဂါကာကွယ်ပေးတယ်

လေ့လာချက်တွေအရ ရေဓာတ်ပြည့်ဝနေခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို ၄၅ ရာခိုင်နှုန်းခန့်နဲ့ ဆီးအိမ်ကင်ဆာကို ၅၀ ရာခိုင်နှုန်းလျော့ချပေးပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

စိတ်ရှုပ်ထွေးမှုကို လျော့နည်းစေတယ်

ရေသောက်ခြင်းက စိတ်တိုခြင်း၊ တွေဝေရှုပ်ထွေးမှုလျော့နည်းအောင် ပြုလုပ်ပေးတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေချင်ပြီးတော့ အတွေးအခေါ်အကြံဥာဏ်ကောင်းတွေ ရရှိအောင်လို့ ရေများများသောက်ပါ။

ကိုယ်အလေးချိန်ကျစေတယ်

ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ ရေဓာတ်ပြည့်ဝစွာနေခြင်းက အစား စားချင်စိတ်ကို ဟန့်တားပေးပါတယ်။ အစား စားတဲ့အခါမှာလည်း အလွန်အကျွံမစားမိအောင် ပြုလုပ်ပေးပါတယ်။

နာကျင်မှုကို သက်သာစေတယ်

ရေသောက်ခြင်းက အရွတ်တွေကို ရေဓာတ်ရရှိအောင်ပြုလုပ်ပေးပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ လှုပ်ရှားရလွယ်ကူစေပြီးတော့ အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

အညစ်အကြေးနဲ့ ဘက်တီးရီးယားကို ဖယ်ရှားပေးတယ်

အစာချေစနစ်ကို အစာကောင်းစွာချေနိုင်ဖို့ ရေလိုအပ်ပါတယ်။ အညစ်အကြေးများဟာလည်း ချွေးနဲ့ ဆီးအဖြစ်စွန့်ထုတ်ပေးဖို့ ရေလိုအပ်ပါတယ်။ ရေမသောက်သုံးရင် ခန္ဓာကိုယ်မှာ အညစ်ကြေးတွေ စုပုံနေမှာပါ။ အမျှင်ဓာတ်နဲ့ ရေဓာတ်ပေါင်းစည်းကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးတယ်

တခါတရံမှာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရပါတယ်။ ရေသောက်ခြင်းက ခေါင်းကိုက်ဝေဒနာကို သက်သာစေတဲ့အတွက်ကြောင့် နောက်တစ်ခါ ခေါင်းကိုက်ရင် ရေသောက်ပေးပါ။

အသားအရေကို တောက်ပစေတယ်

လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းက အရေပြားပါ။ ပုံမှန်ရေသောက်ခြင်းနဲ့ ရေများများသောက်ခြင်းက ဆဲလ်အသစ်များကို ဖြစ်ပေါ်စေပြီး အသားအရောင်ကို ဝင်းလက်တောက်ပစေပါတယ်။

    Cart